အပိုင်း(၂၃)
“ပုစွန်ကင်စားမလား?”
“အင်း...”
ညှို့တို့က အနောက်ဘက်တံတားအဝင်မှာဖြစ်သည်။ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကြီးကိုဖြတ်ကာ အမရပူရမြို့ဟောင်းနဲ့ ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်တည်ဆောက်ထားသည်မို့ ကျွန်းတံတားက ရှည်လျားလေသည်။ တံတား၏အရှည်မှာ ၀.၇ မိုင် (၁.၂ ကီလိုမီတာ)ရှိပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံးကျွန်းတံတားလည်းဖြစ်၏။
မျက်စိတစ်ဆုံးရေပြင်ကျယ်၊ ခြောက်သွေ့ကြီးမာသောအပင်အို၊ လွင့်မျောနေသောတိမ်တိုက်ဖြူ၊ ကောင်းကင်ပြာပြာ၊ မယ်ဆယ်တန်း၊ စေတီငယ် အစရှိသဖြင့် ရှူ့မဆုံးနိုင်သော ရှူ့မျှော်ခင်းမြင်ကွင်းများကြောင့် ဦးပိန်တံတားက မန္တလေးမြို့ရဲ့ အထင်ကရတစ်ခုထဲမပါမဖြစ်သလို မြန်မာနဲ့ကမ္ဘာမှာပါ အပန်းဖြေနေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသည်။ နိုင်ငံခြားသားဧည့်သည်တွေလည်း အများအပြားလာရောက်တတ်ကြသေး၏။
“ဒီမှာ ခဏစောင့်ဦး...”
ညှို့ခေါင်းညိမ့်သည်နှင့် သူက ဆိုင်ကိုသွားကာ အပြေးဝယ်ပေးသည်။ တံတားအစပ်က ဇရပ်ပုံစံ နားခိုဆောင်အိမ်ငယ်လေးပေါ်မှာ ညှို့ကိုသူက ထားခဲ့၏။ အောက်က ဆိုင်ခန်းတွေဘက်ကိုဆင်းကာ သွားဝယ်ပုံရသည်။
သူပြန်လာတော့ လက်ထဲက အအေးဗူးအချို့နဲ့ ပုစွန်ကင်၊ ဂဏန်းကင်တွေ။ ငါးကင်က ပါလိုက်သေး၏။ ကြော်ထားသည်များက သက်သက်။
ညှို့စားတော့ သူကအနည်းအကျင်းသာတို့ပြီး ဘေးကလိုက်ကြည့်သည်။ အင်းထဲကမို့ ချိုလည်းချိုကာ အရသာက ပိုရှိ၏။ ညှို့က အားပါးတရစားနေလျှင်...
“စားကောင်းလား?”
“အင်း...”
တံတားပေါ်လမ်းလျှောက်မယ်ဆိုတဲ့ညှို့တို့က အခုချိန်ထိ တံတားထိပ်က အဆောင်ငယ်လေးမှာသာ ရှိသေးသည်။
ညှို့ကို အစားအသောက်စားရင် လွတ်လွတ်လပ်လပ်ဖြစ်အောင် သူက ဦးထုပ်နဲ့နေကာမျက်မှန်ကို လမ်းမှာ ဝင်ဝယ်ပေးခဲ့တာဖြစ်သည်။ မင်းသမီးညှို့လမင်းနဲ့တူနေသေးရင်တောင် ပုံစံဆင်တယ်ပဲမှတ်ကာ ဘယ်သူမှ ကြာကြာအာရုံလိုက်မစိုက်အား။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
