အပိုင်း (၄၅)

3K 47 1
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၅)

“ဘာလို့ သူ့ကိုသွားတွေ့တာလဲညှို့... အဲ့ဒီလူနဲ့ဆက်ပတ်သက်လို့ မင်းအတွက် ဘာမှမကောင်းနိုင်ဘူးဆိုတာ သိရဲ့သားနဲ့...”

ဒီတစ်ခါပြဿနာကမသေးတာမို့ သူဌေးမက ညှို့ကိုတိုက်ရိုက်ခေါ်တွေ့ပြောလာသည်။ ခါတိုင်း တော်တန်ရုံဆို ညှို့ကိုခုလိုခေါ်မဆူ။ သူ့ဝန်ထမ်းတွေနဲ့သူ ပြီးသွားတတ်သည်။ ခုက အခြေအနေအတော်ဆိုးလို့ ခေါ်ပြောတာပင်။

ညှို့လည်း အဲ့လောက်အထိ ဖြစ်သွားလိမ့်မယ်လို့ထင်မထား။ ခါတိုင်း ညှို့ဖန်တွေက ကာကွယ်ပေးတတ်တာကြောင့် ကိစ္စတွေက သာမန်ပြောဆိုရုံလောက်နဲ့ပြီးသွားပေမယ့် ခုက အကောင့်တုတွေနဲ့ ညှို့သုံးတဲ့ social media.တွေအထိပါ လာပြဿနာရှာကြတာဖြစ်သည်။

ညှို့က သစ္စာမရှိတဲ့သူ၊ ဖောက်ပြားတတ်တဲ့မိန်းမဆိုပြီး...။ အနုပညာရှင်တစ်ယောက်မို့ ကိုယ်တွေ့မဟုတ်တောင် ဒါမျိုးတွေနဲ့မစိမ်းသက်ဘဲ အတွေ့အကြုံရှိထားပြီးသားပေမယ့် တကယ့်လက်တွေ့မှာကျ ထင်သလောက်မလွယ်။

ပြီးဆိုးသည်က မောင်...။ ညှို့ မင်းမြတ်မောင်နဲ့သွားတွေ့တဲ့သတင်းကို မောင်လည်း သိပြီးသွားလောက်ပြီ။ ညှို့ မောင့်ကို ဘယ်လိုရှင်းပြရမယ်မသိ။

“ပြဿနာက ပိုပိုကြီးလာပြီညှို့... အခု ဘယ်လိုရှင်းရမှန်းတောင်မသိတော့ဘူး...”

သူ့ရှေ့က Laptop.ကို သူဌေးမက ညှို့ဘက်လှည့်ပြသည်။ အရင်မင်းမြတ်မောင်နဲ့ညှို့ချစ်သူဖြစ်ခဲ့ကြတုန်းက တွဲသွားတွဲလာပုံတွေ။

ထိုပိုစ့်က အခုမိနစ်ပိုင်းအတွင်းကမှ အသစ်ထပ်တက်လာတာဖြစ်သည်။ ဒီပုံတွေနဲ့ဆို ညှို့နဲ့မင်းမြတ်မောင် တစ်ချိန်ကတွဲခဲ့ကြတယ်ဆိုတာကို ငြင်းနိုင်စရာအကြောင်းမရှိ။

ပထမသတင်းကိုမှရှင်းလို့မပြီးသေးဘူး။ နောက်ထပ်ပြဿနာတစ်ခုက ထပ်ပေါ်လာပြန်၏။ သူဌေးမက ခေါင်းတရမ်းရမ်း စုတ်တသပ်သပ်ဖြစ်နေသလို ညှို့လည်း ထိန်းမရအောင် မျက်စိမျက်နှာ ပျက်နေပြီဖြစ်သည်။

ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်နေရတာလဲ?
သေချာသလောက် ညှို့ အနုပညာလောကထဲစရောက်လာကတည်းက အားလုံးနဲ့ အလွန်းသင့်၊အလိုက်သင့်ပေါင်းကာ လိုက်လျောညီထွေဖြစ်အောင် နေခဲ့တာများသည်။ မင်းသမီးတစ်ယောက်ဖြစ်သည့်အလျောက် ဟန်ဆောင်မျက်နှာဖုံးနဲ့ မကျေနပ်ရင်တောင် သီးခံခဲ့တာများ၏။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now