Chapter - 28

205 11 6
                                    

" တကယ့်ကိုအင်အားကြီးပြီးဆိုးသွမ်းတဲ့ဝိညာဥ်ပဲ "

" ဟုတ်ပါတယ်ဆရာကြီး၊ကျွန်တော်တို့အိမ်မှာနှစ်ပေါင်းများစွာရှိနေခဲ့တာပါ၊ကျွန်တော့်အိမ်ကသခင်လေးနားတွယ်ကပ်နေတာပါ၊အရမ်းအန္တရာယ်များလွန်းလို့နောင်ရေးအတွက်စိုးထိတ်မိပါတယ်၊ကူညီပေးပါဦးဆရာကြီး "

ဇရာကြောင့်ဖွေးဖွေးဖြူနေသည့်ဆံပင်ရှည်များအားအနောက်ဘက်တွင်စည်းနှောင်ထားကာအဖြူရောင်မုတ်ဆိတ်ရှည်များအားပွတ်သပ်နေသည့်အဘိုးအိုကာ၊အရှေ့တွင်ထိုင်နေသူ၏လည်ပင်းမှနီနီရဲနေသည့်လက်ရာကြီးကိုစူးစိုက်ကြည့်လျက်ငြိမ်သက်နေသည်။

အသက်မှာကိုးဆယ်ကျော်ခန့်ရှိပြီဖြစ်သည့်တိုင်တည်ကြည်ကာကြည်ညိုချင်စရာကောင်းသည့်ဥပဓိရုပ်ရှိပြီးစူးရှနက်နဲသည့်သိမ်းငှက်တစ်ကောင်အလားမျက်လုံးအစုံမှာတော့အရာရာကိုသိမြင်နေသလိုပင်။

အောက်လမ်းဆရာ၊ဝိညာဥ်နှင်ဆရာဟုလူသိများပြီးသရဲမွေးမြူတတ်သူဟုလည်းနာမည်ကြီးကာလူတွေနှင့်ကင်းဝေးသည့်နေရာတွင်တစ်ဦးတည်းနေသူဖြစ်၏။ ထိုဆရာကြီး၏အနောက်ဘက်တွင်တော့အမျိုးအမည်ဖော်မပြနိုင်သည့်အရွယ်အစားမျိုးစုံရုပ်ထုများရှိသလိုအရှေ့တစ်ဖက်ဘေးတွင်လည်းလူ့အရိုးဦးခေါင်းခွံတစ်ခုအားချထားသည်။

အိမ်ထဲသို့ခြေချလိုက်သည်နှင့်သိပ်မကောင်းလှသည့်အနံ့အသက်များနှင့်အတူဘေးတွင်တစ်စုံတစ်ယောက်ကလာထိုင်နေသလို၊ဝိုင်းကြည့်နေကြသလိုခံစားချက်ကြောင့်တစ်မျိုးကျောချမ်းစရာလည်းကောင်းလှသည်။

" ဒီလိုအင်အားကြီးဝိညာဥ်ကိုငါ့တပည့်အဖြစ်ခိုင်းစေလို့နိုင်ရင်ငါတော့အေးဆေးပြီ၊ထကြွပြီးသောင်းကျန်းနေတဲ့ဝိညာဥ်တွေကိုသူတို့တွေရဲ့အရှင်ကကောင်းကောင်းမထိန်းသိမ်းတော့ငါကဝိုင်းကူရတာပေါ့ "

အသက်အရွယ်မှာမနည်းလှတော့သည့်တိုင်အသံဩဇာမှာတော့အလွန်ညောင်းကာမာန်အပြည့်နှင့်ပင်။

ထက်မြက်အရှေ့မှအဘိုးအိုကိုကြည့်ကာကြိတ်ကျေနပ်နေမိသည်။ ရာဇသိင်္ခဟုအမည်ရှိသည့်သည်လူသည်သာမာန်လူတစ်ယောက်မဟုတ်။ အောက်လမ်းပညာ၊ဝိညာဥ်နှင်သည့်နေရာတွင်တစ်ဖက်ကမ်းခတ်တော်သည်ဟုသတင်းထွက်ထားသည့်သူပင်။ သရဲ၊တစ္ဆေ၊ဝိညာဥ်များသောင်းကျန်းလှသည်ဟုအကူညီလာတောင်းလျှင်ပညာနှင့်နှိမ်ကာနေ့မကူးပဲပြေးအောင်လုပ်နိုင်သဖြင့်ဝိညာဥ်ရေးရာများနှင့်ပက်သက်လာလျှင်အကူညီလာတောင်းကြရသည်သာပင်။

Sunshine Of My Life [ Ongoing ] Where stories live. Discover now