အခန်း ၃၂၄ + ၃၂၅( သံတိုင်များ နောက်ကွယ်မှ အမျိုးသမီး )

30 0 0
                                        

အခန်း ၃၂၄

( သံတိုင်များ နောက်ကွယ်မှ အမျိုးသမီး )

ခွန်လွန်တောင်ခြေမှ ဆီးနှင်းများ အရည်ပျော်ကျကာ ရေတံခွန်တစ်ခုအဖြစ် စီးဆင်းသွားပြီး မြစ်တစ်စင်းထဲသို့ စီးဝင်သွား၏။ ထိုနေရာတွင် ဧက ၁၀၀ ကျော် ကျယ်ဝန်းသော စံအိမ်ကြီးတစ်လုံး ရှိနေသည်။ ထိုစံအိမ်ကြီးတွင် ကြီးမားလှသော သဘာဝပန်းဥယျာဉ်တစ်ခုနှင့် ရေပူစမ်းများစွာလည်း ပါရှိ၏။ ဤနေရာမှ လှပသော တောင်တန်း၊ မြစ်ချောင်းများ ဝန်းရံထားမှုက ဖုန်းရွှေပညာရပ်အရ ကြည့်ပါက ကောင်းမွန်လွန်းလှ၏။ ဤနေရာမှာ ခေတ်သစ် မြို့ပြလူနေမှုဘဝနှင့် အဝေးတွင် တည်ရှိနေသော ပုန်းကွယ်နေသည့် နိဗ္ဗာန်ဘုံ တစ်ခုအလားပင်။

ခြံဝန်းတံခါးရှေ့တွင် ရီစံအိမ် ဆိုသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထား၏။

ထိုစံအိမ်ကြီးမှာ ရှည်လျားလှသော သမိုင်းကြောင်း ရှိခဲ့ပေသည်။ စံအိမ်ကြီးကို ခေတ်မီအသွင်အပြင်များဖြင့် ဆောက်လုပ်ထားသော်လည်း အတွင်းခန်းများကိုမူ သစ်သားနှင့် လက်မှုပညာဖြင့် ပြုလုပ်ထားသော ရှေးဟောင်း ဒီဇိုင်းများဖြင့် ဖန်တီးထား၏။ ထို့အပြင် ရှေးဟောင်းအုတ်ချပ်များ၊ အုတ်ကြွပ်များကိုလည်း စနစ်တကျ ထိန်းသိမ်းထားသေး၏။ စံအိမ်ကြီး အနီးတစ်ဝိုက် မြက်ခင်းပြင်တွင်လည်း ပန်းများဖူးပွင့်နေကာ ငှက်ကလေးများလည်း ပျံဝဲနေ၏။

မာစီးဒီးကားတစ်စီး စံအိမ်ထဲသို့ ဝင်လာကာ အိမ်နောက်ဘက် ရေတံခွန်အောက်မှ ဂူပေါက်ဆီသို့ တိုက်ရိုက် ဦးတည်မောင်းဝင်သွား၏။

ဂူထဲတွင် ထူထပ်လှသော သံမဏိတံခါးများ ရှိနေ၏။ ထိုသံမဏိတံခါးများတွင် အလင်းရောင် မှုန်ပျပျ ဝင်နိုင်ရုံမျှသာရှိသော လေပေါက်ငယ်ကလေးများ ပါဝင်သည်။ ထို့ကြောင့် ဂူအတွင်းမှ အပြင်ကို ဘာဆိုဘာမျှ မမြင်နိုင်ဘဲ တသွင်သွင်စီးဆင်းနေသော မြစ်သံ၊ ငှက်နှင့် လေသံများကိုသာ ကြားနေရပေသည်။

ကားပေါ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဆင်းလာကာ ဂူထဲသို့ လျှောက်လာပြီး အစောင့်များကို သံမဏိတံခါး ဖွင့်ခိုင်းလိုက်၏။ ဂူထဲတွင် ကာရံထားသော သံတန်းများနောက်ကွယ်တွင် မျက်လုံးမှိတ်ကာ ကျမ်းဂန်များ ရွတ်ဖတ်သရဇ္ဈာယ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ သူမမှာ အသက် ၅၀ ကျော်ပြီ ဖြစ်သော်လည်း အလှပဆုံး အသက်အရွယ်ဖြစ်သည့် ၃၀ အရွယ်မှ ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်ဆဲ အရွယ်တင် နုပျိုနေဆဲ ဖြစ်ပေသည်။ သို့သော် သူမ၏ မျက်နှာမှာ ခံစားချက်မရှိသူတစ်ဦးကဲ့သို့ အေးစက်စက်နိုင်လှ၏။ နေ့စဉ်နေ့တိုင်း မျက်လုံးမှိတ်၍ ကျမ်းဂန်များကိုသာ ရွတ်ဖတ်နေတတ်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now