အခန်း(၂၄)
ဒီလိုနဲ့ စစ်ကိုင်းကို ထွက်လာဖြစ်တော့ ခရီးလမ်းတစ်လျှောတ်လုံး ကားပေါ်မှာ သီချင်းနားထောင်ပြီး ကျွန်တော် လိုက်ခဲ့တယ်။ လိုင်းတော့ မတတ်ဖြစ်ဘူး။ ကားပေါ်မှာ ဖုန်းကြည့်ရင် ကျွန်တော် ခေါ်င်းမူးတတ်လို့။ ကားခဏနားတော့ မေဇော်ဆီက ဖုန်းဝင်လာပါတယ်။ သူနဲ့ ကျွန်တော်စကားခဏပြောပြီး ကားရပ်ရင်ဖုန်းဆက်ပါ့မယ်လို့ ကျွန်တော်ကတိပေးပြီး ဖုန်းချခဲ့တယ်။
ခုရက်ပိုင်း ကျွန်တော်ပြောနေတဲ့ ဆင်ခြေစကားတွေကြောင့် မေဇော်လည်း ယုံကြည်မူကင်းမဲ့လာလိမ့်မယ်ဆိုတာ ကျွန်တော်တွေးမိလာတယ်။ ဒီကြားထဲ အချို့သောဖေ့ဘုတ်စ်ပေါ်က မဆီမဆိုင် အကြောင်းအရာတွေက သူ့ကို အမြင်ပိုစောင်းနေစေမှာ သေချာပြန်တယ်။ မေဇော်က ကျွန်တော်ကို မေးဖူးတယ်။ သူ့ကို ဘယ်အချိန်မှာ ချစ်မိသွားတာလဲတဲ့။
ဒီတော့ ကျွန်တော်က သူ့ကို ခုလို အဖြေပေးဖြစ်ခဲ့တယ်။
"ချစ်မေးတဲ့ ဘယ်အချိန်က ချစ်သွားတာလဲဆိုတဲ့အမေးက တကယ်ဆို ကို မသိဘူးချစ်။ ကို့အချစ်မှာ အချိန်ကာလမရှိခဲ့ဘူး။ ကိုယ့်မသိစိတ်ကို ကိုယ်တိုင်သတိမထားမိတဲ့အချိန်မှာပဲ ကိုယ်က ချစ်ကို ချစ်နေခဲ့ပြီးသား ဖြစ်နေခဲ့တယ်။ တကယ်ဆို အချစ်မှာ ချစ်နေဖို့အတွက် အကြောင်းပြချက် မလိုပါဘူးချစ်ရယ်။ အကြောင်းပြချက်ပေးနိုင်မှ အချစ်စစ်ဆိုရင် ကိုတော့ လက်မခံပါရစေနဲ့။ ချစ်ကို ကိုယ်က အကြောင်းမဲ့သက်သက်ကို ချစ်ခဲ့တာပါ။ ဘာကြောင့်ဆိုပြီး ချစ်ခဲ့တာမျိုး မဟုတ်ပါဘူး။ ယုံကြည်ပါ ချစ်။ ကိုယ်က သေတဲ့ထိ ချစ်သွားမှာပါ။"
အခုအခြေအနေတွေမှာ ကျွန်တော်ဟာ ကျွန်တော်ပြောခဲ့တဲ့စကားတွေကို အားနာနေရတော့မယ် ထင်မိရဲ့။ မေဇော်ကကော ဘာကြောင့် ကျွန်တော်အတိတ်တွေကို လှန်ကြည့်ချင်နေရတာလဲ။ သူ ကျွန်တော်ရဲ့ အတိတ်ထဲကနေ ဘယ်အရာကို ခြေရာခံချင်နေတာလဲ။ ဘယ်အရာကိုပဲ ခြေရာခံခံ သူ့အတွက် ကောင်းမွန်တဲ့အရာ ဘာမှမရှိတာက အသေအချာပါပဲလေ။
ဒါကြောင့် ကျွန်တော်နဲ့ပတ်သက်ပြီး သူ ဆက်စိတ်ရှုပ်ထွေးနေမှာ ဆက်ပြီးစိတ်ထိခိုက်နေမှာတွေကို ကျွန်တော် မလိုလားတော့ဘူး။ ပြီးတော့ ကျွန်တော်ဟာ မေဇော်အတွက် ပြောင်းလဲပေးဖို့စိတ်ကူးတွေလည်း ကင်းမဲ့နေခဲ့တဲ့လူပဲ။
YOU ARE READING
အချစ်သည် မည်သို့နည်း???
Romanceအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်