<Unicode>
※တကယ်တမ်းတော့...※
အပိုင်း (၇)အိမ့်ခြေထောက်က ပြန်သက်သာလာတော့ အလုပ်ပြန်ဆင်းရတော့သည်။ မသွားလို့လည်း မရ။ အိမ်မှာနေရင် ဝင်းမောင်တစ်ယောက် အိမ့်အား နားပူနားဆာလုပ်လိုက်၊ အလုပ်မသွားဘဲ အပျင်းထူတယ်ဆိုတဲ့စကားနဲ့ မေမေ့ဆီ တိုင်မှာဆိုပြီး ခြိမ်းခြောက်လိုက်နဲ့ အမျိုးမျိုး ဒုက္ခပေးနေလို့ ချစ်သူရှိရာ လုပ်ငန်းခွင်သို့သာ ရောက်လာရတော့သည်။
ချစ်သူဆိုမှ အိမ့်နဲ့ ရှိန်း ချစ်သူဖြစ်တာ တစ်ပတ်တောင် ရှိသွားပြီပဲ။ ဒီအတောအတွင်း သူရဲ့ဂရုစိုက်မှုတွေက အိမ့်နဲ့ ယဉ်ပါးလာခဲ့ပါပြီ။ အလုပ်သွားဖို့ အိမ်ရှေ့ကို ထွက်လိုက်တာနဲ့ သူက ကြိုရောက်ပြီးသား။ ဖေဖေ၊ မေမေတို့နဲ့လည်း အတော်လည်း ဆက်ဆံမှု ပြေပြစ်နေသည်။ ဝင်းမောင်ကတော့ ခုထိ အကဲခတ်နေဆဲ။ အိမ့်လိုပေါ့။
ဝေမာက ထမင်းချိုင့်ထည့်လာဖို့ ပြောခဲ့ပေမယ့် အိမ့် ၆ လွှာက စားသောက်ဆိုင်မှာသာ ရှိန်းနဲ့အတူ စားဖြစ်ကြသည်။ အိမ့်ဘက်က သူနဲ့တွဲတာကို တခြားသူတွေသိသွားမှာကို မလိုလားဘူးပြောတော့ "ကိုယ်နဲ့ လူသိရှင်ကြားတွဲရမှာကို ရှက်လို့လား" ဆိုတဲ့ သိမ်ငယ်မှုအပြည့်ပါတဲ့ သူ့ရဲ့ တန်ပြန်မေးခွန်းကြောင့် အိမ့် သူနဲ့အတူ လူသိရှင်ကြား တွဲဖြစ်သွားသည်။
ဒီကိုစရောက်တုန်းက စိတ်ညစ်ခဲ့ရပေမယ့် သူရှိနေတဲ့အတွက်ကြောင့် အိမ့် အလုပ်ခွင်မှာ ပျော်ပိုက်လာသည်။ ကိုယ့်အပြင်အဆင်တွေကိုလည်း ဂရုစိုက်တတ်လာသည်။ ညညဆို မနက်ကျ ဘာဝတ်သွားရင် ကောင်းမလဲဆိုပြီးလည်း အဝတ်တွေကို ကြိုပြင်ဆင်တတ်လာပြီ။ သူနဲ့လိုက်ဖက်တဲ့ လက်တွဲဖော်တစ်ယောက် ဖြစ်လာဖို့ အတွေးတွေက အိမ့်ကို တစ်စထက်တစ်စ စိုးမိုးလာခဲ့ပြီ။
❝ကိုရှိန်း...စားလေ။ ကျွန်မကိုကြည့်နေလို့ ထမင်းမဝဘူး❞
ဒီလူကြီးဟာ အမြဲ ဒီလိုပင်။ အိမ့်နဲ့တွေ့တဲ့အချိန်တိုင်း လူကို နူးညံ့မှုအပြည့်နဲ့ စိုက်ကြည့်တတ်သည်။ ခုလည်း အိမ့်ကသာ တစ်လုတ်ပြီးတစ်လုတ် စားသောက်နေတာ၊ သူကတော့ ခုထိ တစ်ဇွန်းတောင် မစားရသေး။
YOU ARE READING
RomanceThe 6th series Love may be painful when one is lain by her lover.