573 15 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၉)

အိမ့် မှန်ရှေ့မှာရပ်ရင်း ကိုယ့်ကိုယ်ကိုယ် သေချာ အကဲဖြတ်ပေးနေမိသည်။ မေမေက အိမ့်ထက် နည်းနည်းလေး ဝတော့ မနေ့ကမှ ကမန်းကတန်း စက်ချုပ်ဆိုင်မှာ သွားသီရသေးသည်။

အိမ့်က ပုံမှန်ဆို ဘလောက်စ်နဲ့ ဘောင်းဘီ၊ စကပ်၊ ဂါဝန်တို့လောက်သာ ဝတ်တာမို့ ရင်ဖုံးနဲ့ ထဘီကို တွဲဝတ်ရတော့ နေရခက်သလိုလို။ ဇာအနားတွေက စူးတော့ ဟိုနားက ယားသလိုလို၊ ဒီနားကိုပဲ ကုတ်ချင်သလိုလို ဖြစ်နေရသည်။

ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကိုတွေ့ရင် အရင်ဆုံးသတိပြုမိတာက အဝတ်အစားမို့ မနေတတ်လည်း သည်းခံပြီးတော့ ဝတ်ရမှာပါပဲ။ စကားအပြောအဆိုလေးလည်း သတိထားဖို့ လိုသေးသည်ပေါ့။ ခုလိုလိုက်ညှိတတ်တာက အိမ့်ရဲ့စတိုင် မဟုတ်ပေမယ့် ကိုရှိန်းအမေနဲ့ အဆင်ပြေဖို့အတွက် အိမ့်ဘက်က အကောင်းဆုံး ကြိုးစားရမှာပေါ့လေ။

ကိုရှိန်းအမေနဲ့ ပတ်သက်လို့ အိမ့် နည်းနည်းတော့ ကြားဖူးထားတာ ရှိသည်။ မာနကြီးတယ်တဲ့။ သူ့သားကိုလည်း အရမ်းချစ်တာတဲ့။ ကိုရှိန်းငယ်ငယ်ကတည်းက သူမကိုယ်တိုင်ပဲ အားလုံးကို စီမံပေးခဲ့တာတဲ့။ ကိုရှိန်းရဲ့ အိမ်ထောင်ဖက်ကိုလည်း သူမကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်မှာတဲ့။

ဒါက ကုမ္ပဏီက အိမ့်နဲ့ တစ်ဌာနတည်း အတူလုပ်နေတဲ့ ကောင်မလေး ၂ ယောက် တီးတိုးပြောနေကြတာကို မထင်မှတ်ဘဲ ကြားခဲ့မိတဲ့ စကားတွေပါ။ ကိုရှိန်းကတော့ သူ့အမေမို့ သဘောကောင်းတယ်လို့ ပြောတာဖြစ်ပေမယ့် အိမ့်ကတော့ တစ်ခါမှ မတွေ့ဖူးသေးတာမို့ သူပြောတာကိုလည်း တစ်ထစ်ချ မယုံရဲသေး။

❝အိမ့်...ဒီနေ့ ကိုကိုလိုက်ပို့မယ်❞

အလုပ်သွားဖို့ အောက်ထပ်ကိုဆင်းလာတော့ ဝင်းမောင်က ဧည့်ခန်းထဲမှာ ထိုင်နေရင်းမှ ဆက်ခနဲ ထလာရင်း ပြောလိုက်သည်။ သူ့ကြည့်ရတာ အိမ့်ကိုလိုက်ပို့ဖို့ အစောကတည်းက ပြင်ဆင်ထားပြီးသားနဲ့ တူပါရဲ့။ သူ့လက်ထဲမှာ ကားသော့က အသင့်ရှိနေပြီးသား။

❝အယ်...အဆန်းပါလား။ အိမ့်ကိုလိုက်ပို့ဖို့သက်သက်တော့ မဖြစ်နိုင်ဘူး❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Donde viven las historias. Descúbrelo ahora