နွေဦးရာသီတစ်ခု ..
တိုင်းရေးပြည်ရေးကိစ္စတွေ အေးချမ်းနေသလို
ကြည်လင်နေတဲ့ကောင်းကင်က သင့်တင့်သော ရာသီဥတုကို ဖန်တီးပေးလျက်ရှိသည်။ နန်းတော်ထဲမှာလည်း ပန်းပေါင်းစုံက အလှဆုံးဖူးပွင့်နေကြသလို ကျေးငှက်တို့ရဲ့ တွန်ကျူးသံက နွေဦးရာသီရဲ့အလှကို ကူညီပံ့ပိုးပေးနေသယောင်။
"ဒါ မင်းသားလေးရဲ့ စာအံနေသံမဟုတ်လား"
"ဟုတ်ပါတယ် အရှင်မင်းကြီး"
မင်းကြီးရဲ့ခြေလှမ်းတွေက သားတော်လေးဆီကို ဦးတည်သွားတော့ ဆရာဖြစ်သူက မြင်သွားပြီး ချက်ချင်းပင်အရိုအသေပြုလာသည်။
"ကိုယ်တော့်ကြောင့် အနှောင့်အယှက်ဖြစ်သွားပြီလား"
"မဖြစ်ပါဘူး အရှင်မင်းကြီး .. ကျွန်တော်မျိုးအခုလေးတင်ပဲ စာသင်လို့ပြီးပါပြီ"
သားတော်ကိုကြည့်လိုက်တော့ အေးအေးလူလူပင် သူ့ပစ္စည်းတွေကိုသိမ်းနေသည်။ ရွယ်တူကစားဖော်မရှိတဲ့ မင်းသားလေးက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သလို ပြေးလွှားကစားတာမျိုးလည်းသိပ်မရှိ။ ပြုံးခဲရယ်ခဲလှတဲ့ မျက်နှာထားက မင်းကြီးကိုမပြောနှင့် သူ့ရဲ့မယ်တော်ကိုပင် တီတီတာတာပြောပြီး ချွဲနွဲ့လေ့မရှိပါချေ။
"စာသင်လို့ပြီးပြီဆို ပြန်ကြရအောင်လေ"
"ဟုတ်ကဲ့ပါ ခမည်းတော်"
Sehun လည်း ထိုင်ထားလို့ ပွနေတဲ့ဝတ်ရုံကို သေချာပြင်ဆင်လိုက်ပြီး ခမည်းတော်ဘေးကနေ လိုက်လာခဲ့လိုက်သည်။ ခပ်လှမ်းလှမ်းမှာမြင်ရတဲ့ လူတစ်ယောက်က ခမည်းတော်ကိုတွေ့တော့ အပြေးလာပြီး နှုတ်ဆက်သည်။ အရင်ဆို လူကြီးတွေပြောတဲ့စကားတွေကို သူနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ တိတ်တိတ်လေး နားထောင်တတ်ပေမယ့် အခုတော့ သူ့အာရုံက ထိုလူ့လက်ကိုဆွဲထားတဲ့ ကလေးဆီမှာ။
Sehun ကစူးစိုက်ကြည့်နေလို့လားမသိ။ ကလေးက ထိုလူကြီးရဲ့ နောက်သို့ မသိမသာရွေ့သွားသည်။ လက်ဖောင်းဖောင်းလေးက လူကြီးရဲ့ ဝတ်ရုံစကို တင်းနေအောင် ဆုပ်ကိုင်ထားလျက် Sehun ကိုချောင်းကြည့်လာသည်။
"ကလေးက ချစ်စရာလေးပဲ .. မင်းသားလေးနဲ့ ရွယ်တူပဲပေါ့"
"ဟုတ်ပါတယ် အရှင်မင်းကြီး"
"ခမည်းတော် .. သား သူနဲ့ကစားချင်တယ်"
တောင်းဆိုခဲတဲ့ သားတော်ဆီက ဒီလိုစကားမျိုးကြားရတော့ အံ့ဩသွားရပြီး ချက်ချင်းပင် ဖြည့်ဆည်းပေးချင်စိတ်ပေါ်လာရသည်။ ဒါပေမယ့်လည်း အာဏာသုံးကာ အမိန့်ပေးရအောင်လည်း မဖြစ်သေးပြန်တော့ လူကြီးလူကောင်းပီပီ ခွင့်တောင်းရသည်။
"အဆင်ပြေရဲ့လား .. သားတော်နဲ့ အတူကစားပေးဖို့ အမတ်မင်းရဲ့သားကို ခဏထားခဲ့ပေးလို့ရမလား .. ကိုယ်တော် သေချာပြန်ပို့ပေးပါ့မယ်"
"မင်းသားလေး သဘောပါပဲ အရှင်မင်းကြီး"
ကောင်လေးက Sehun ကိုတစ်ချက်တောင် မကြည့်ပါဘဲ စူပွပွလေးလုပ်နေသည်။ အမတ်မင်းဆိုတဲ့သူက ခဏခွင့်တောင်းပြီး ကောင်လေးကို ခပ်လှမ်းလှမ်းဆွဲသွားကာ တစ်ခုခုပြောနေသည်။ Sehun နဲ့မကစားချင်ဘူးဆိုလည်း ချက်ချင်းငြင်းလိုက်လို့ရတာပဲမလား။ ဘာတွေခက်ခဲနေတာလဲ။
"ကလေးကရော .. သားတော်နဲ့ကစားချင်ရဲ့လား"
ခမည်းတော်ကပြုံးလျက်မေးနေပေမယ့် ကောင်လေးက သူ့အဖေကိုမော့ကြည့်သည်။ ပြီးတော့မှ သူ့အသံအစ်အစ်လေး ထွက်လာသည်။
"ကစားချင်ပါတယ် အရှင်မင်းကြီး"
Sehun ကို ကြောက်နေတယ်ထင်လို့ပြောလိုက်ပေမယ့် ကစားပေးမယ်ဆိုတော့ ထူးဆန်းသွားမိသည်။ ဒါခမည်းတော်ကြောင့် ခေါင်းငြိမ့်လိုက်တဲ့ သဘောလား။
ဖောင်းပြီးအိနေမယ့်ပါးလေးကို ခမည်းတော်က ချစ်စနိုးနှင့်ဆွဲလိုက်ရင်း လိမ္မာလိုက်တာလို့ ပြောတော့ ခေါင်းလေးကိုငုံ့ထားသည်။ ပြီးတော့ Sehun နောက်ကနေ မဝံ့မရဲ လျှောက်ကာ လိုက်လာသည်။
"နာမည် ဘယ်လိုခေါ်လဲ"
"Kim Jong In လို့ခေါ်ပါတယ် မင်းသား"
အတက်အကျမရှိတဲ့ အေးတိအေးစက်လေသံက Jongin နားထဲမှာတော့ မင်းကြီးရဲ့စကားပြောသံလိုပင် နွေးထွေးမနေပါ။ မင်းသားတစ်ပါးမှန်း သိသာစေတဲ့ အရှိန်အဝါကလည်း Jongin ကို အနေကျုံ့စေပြန်သည်။ ဒီလိုလူမျိုးက Jongin ရဲ့ကစားဖော်ဖြစ်လာမယ်ဆိုတာ ဘယ်လိုကံဆိုးမှုမျိုးလဲ။
သေချာတာကတော့ဒီအချိန် Jongin ရဲ့ကစားဖော်တွေသာရှိနေမယ်ဆို မင်းသားလိုတော့ ပျင်းစရာကောင်းနေမှာ မဟုတ်ဘူးမလား။
TBC ~
YOU ARE READING
Sacrifice
Historical FictionIn the Joseon dynasty, the second prince rises to claim the throne, but his heart remains bound to his childhood friend-a forbidden love. SEKAI Historical Fanfiction