2

2.3K 372 33
                                    

မိဖုရားတို့ရဲ့အဆောင်အယောင်နဲ့ ကျက်သရေရှိစွာလှပတင့်တယ်နေတဲ့ အမျိုးသမီးရှေ့ Sehun ငြိမ်ငြိမ်လေးထိုင်နေမိသည်။ မိခင်တစ်ယောက်ရဲ့ ယုယကြင်နာမှုထက် ဆိုဆုံးမမှုတွေနဲ့ မိမိကိုယ်ကိုအားကိုးတတ်အောင် လေ့ကျင့်ပေးမှုနဲ့သာ လက်ပွန်းတတီး ရှိခဲ့ရတဲ့ Sehun အတွက် တိတ်ဆိတ်စွာ ထိုင်နေခြင်းကသာ အလေ့အကျင့်လိုဖြစ်နေပြီ။ အကြောင်းကိစ္စမရှိဘဲ အခေါ်တော်လွှတ်မှာမဟုတ်မှန်း သိနေတာကြောင့် ပြောမည့်စကားကို မျက်လွှာလေးချကာစောင့်ဆိုင်းနေမိသည်။

"စာတွေသေချာလေ့လာနေရဲ့လား မင်းသားလေး"

"လေ့လာနေပါတယ် မယ်မယ်"

"သားတော်တောင် မျက်စိရှေ့တင် အရွယ်ရောက်လာပြီပဲ .. ကလေးလို ဆော့ကစားနေရမယ့် အရွယ်မဟုတ်တော့ဘူးနော်"

ခုနစ်နှစ်အရွယ်မင်းသားလေးက နားလည်သလို ခေါင်းငြိမ့်ပြသည်။

"သူငယ်ချင်းရနေတယ်လို့ကြားတယ် .. ဟုတ်သလား မင်းသားလေး"

မယ်တော့်စကားကြောင့် Sehun မျက်လုံးလေးအသာလှန်ကြည့်မိသည်။ မကြိုက်တဲ့အရိပ်အယောင်တွေများ ရှိနေလားလို့ စူးစမ်းမိခြင်း။

"ဟုတ်ပါတယ် မယ်မယ် .. တကယ်တော့ သူနဲ့ သူငယ်ချင်းဖြစ်တာ ကြာနေပါပြီ"

"သူငယ်ချင်းမထားရဘူးလို့ မယ်မယ်မပြောပါဘူး .. သံယောဇဉ်တွယ်တာမျိုးတွေ မယ်မယ်မကြိုက်ဘူးနော် .. သားတော်က ဘာလုပ်ရမှာလဲ"

"အိမ်ရှေ့စံမင်းသားဖြစ်အောင် လုပ်ပါ့မယ် .. ခမည်းတော်ရဲ့ နေရာကို ဆက်ခံပြီး မယ်မယ်မျက်နှာမငယ်ရအောင် ကြိုးစားပါ့မယ်"

နားရည်ဝနေတဲ့စကားလုံးတွေကို ထပ်ခါထပ်ခါ ရိုက်သွင်းခံနေရတာကြောင့် နှုတ်ဖျားထက်ကနေ အလွတ်ကျက်ထားတဲ့စာတွေလို တန်းစီထွက်ကျလာသည်။

"ဆောင်ဂျွန်းမင်းသားက ပြိုင်ဘက်ကောင်းတစ်ယောက်ပဲ .. အလွယ်တကူတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး .. မယ်မယ်ပြောတာ နားလည်လား"

"သဘောပေါက်ပါပြီ မယ်မယ်"

မယ်တော်နဲ့စကားပြောပြီးနောက် ရိုကျိုးစွာ ဦးညွှတ်ပြီး Sehun မိမိအဆောင်သို့ ပြန်လာလိုက်သည်။ သွက်လက်လွန်းတဲ့ခြေလှမ်းတွေကြောင့် အနောက်က အထိန်းတော်ကြီးကတော့ အလျင်အမြန်လိုက်နေရသည်။

Sacrifice Where stories live. Discover now