Zawgyi
ဒဏ်ရာကို ကုစားလို့ရခဲ့ပေမယ့် မစားမသောက်ရသည့် ချို့တဲ့ခြင်းကို ဘာနဲ့မှ မကုစားနိုင်။
တစ်ကိုယ်လုံး အပူတွေတက်ကာ ဗိုက်ထဲမှာလည်း ဟာနေသည့်မို့ အသားတွေပါတုန်လာသည်။
ထိုစဉ် မြင်ကွင်းထဲကို ခွေးလေး တစ်ကောင်၏ အရိပ်က အရင်ပေါ်လာသည်။
ခွေးလေးက ဖြူ ဖြူ ဖွေးဖွေး သန့်သန်ရှင်းရှင်း လေးဖြစ်သောကြောင့် အနောက်မှာ သခင်ပါလာလိမ့်မည်။
သူထင်သည့်အတိုင်းပင်.....
"မုမု နေအုံးလေ ဘယ်ရောက်သွားတာလဲ.... ငါကြိုးလွှတ်သွားပြီ.....''
ယောက်ျား တစ်ယောက်ရဲ့ အသံကိုကြားလိုက်ရသည်။
ယောက်ျား ဆိုတာထက် ကောင်လေးတစ်ယောက် ရဲ့အသံဆိုပိုမှန်လိမ့်မည်။
ကလေးသံလေးမပျောက်သေးပဲ ချိုချို လွင်လွင် ဂရုဏာသံမျိုး ဖြစ်သည်။
ခွေးလေးက လည်ပတ်ကနေ တန်းလန်းဖြစ်နေသည့် ကြိုးရှည်လေးနှင့် နောက်ကိုပြန်လှည့်ကြည့်လိုက် မြေကြီးကို ငုံ့နမ်းလိုက်နှင့်ရှေ့တိုးလာခဲ့သည်။
အနားကိုရောက်လာလျှင် သူ့ကိုမျက်လုံးပြူးလေးနှင့် ကြည့်ကာ တလှုပ်လှုပ်ခါနေသော အမြီးလေးပင် ညိမ်သက်သွားသည်။
"အု....အု...''
သူဖျက်ခနဲ လှမ်းဆုပ်လိုက်တာက နှုတ်သီးကိုဖြစ်သည်။
"မုမု...မုမု...''
"အိ...အိ...''
အဖြူရောင် အရိပ်ကလေးရှေ့ကို ရောက်လာသည်။
ပြီးတော့ အသံဗလံကို နားစွင့်ပြီး တုံ့ခနဲ ရပ်သွားသည်။
"မုမု....''
ထိုအရိပ်ကလေး ထောင့်ကွယ်ကနေ သူ့ရှေ့တည့်တည့်ဝင်လာသည်နှင့် သူခွေးလေးကိုလွှတ်ပေးလိုက်သည်။
ဒါပေမယ့် နှုတ်သီးမှာ တိပ်ကပ်ပြီးသားဖြစ်သွားပြီမို့ ခုန်စွခုန်စွ ဖြစ်သွားကာ သခင်ကိုလှမ်း အကူအညီတောင်းသည်။
ကောင်လေးက ခြေတစ်လှမ်း နောက်ဆုတ်သွားကာ....
"ဘာဖြစ်တာလဲ မုမု...''