Zawgyi
ကားပေါ်တစ်လျှောက် ငြိမ်ငြိမ်သက်သက်လေး လိုက်ပါလာတဲ့ ရှောင်းကျန့်ကို ကားမောင်းနေရင်းမှ ဝမ်ရိပေါ် ခဏခဏကြည့်မိသည်။
ဒီနေ့ ရှောင်းကျန့် ဆေးရုံက ဆင်းရတာဖြစ်သည်။
တကယ်တော့ မနက်ဖြန်မှ ဆေးရုံက ဆင်ရမှာဖြစ်ပေမယ့် ထိုကလေးက အတင်းဆင်းမယ် တကဲကဲ ဖြစ်နေသောကြောင့် ချော့မော့ပြီး ညနေစောင်းမှ သူကိုယ်တိုင် ဆေးရုံကနေ တစ်ခါတည်း ခေါ်ခဲ့တာဖြစ်သည်။
ဟိုနေ့က ကိစ္စဖြစ်ပြီးကတည်းက ဒီကောင်လေးကို သူတစ်ယောက်ထဲ ထားဖို့စိတ်မချတော့ပါ။
အလုပ်ကိုလည်း မသွားတော့ဘဲ ဆေးရုံတက်နေစဉ်တစ်လျှောက်လုံးရော ဆေးရုံကဆင်းသည့်အထိ သူ့အနားမှာဘဲ နေသည်။
စိုးရိမ်တကြီး ပျာပျာသလဲ ဖြစ်နေတဲ့သူ့ကို ချင်းဟန်ကော ကတောင် မျက်စောင်းခဲလျှက်ပြောသည်။
"အရင်ကတော့ နှိပ်စက်ထားပြီး အခုမှလာသည်းပြမနေနဲ့...'' တဲ့။
ပြောလည်း ခံရမှာပဲဖြစ်သည်၊ အခုအချိန်မှာ အရေးအကြီးဆုံးက ရှောင်းကျန့် သူ့အနားကထွက်မသွားဖို့ပင်။
ကျန်းဖန်ရိကတော့ နောက်တစ်ကြိမ်ရှောင်းကျန့်အခုလိုအဖြစ်မျိုး ထပ်ဖြစ်လာရင် မင်းကိုငါ့လက်နဲ့ကိုသတ်မယ်ဆိုပြီး ကြိမ်းသွားသေးသည်။
ရှောင်းကျန့်ဒီလိုဖြစ်တာ သူ့ကြောင့်ဆိုပေမယ့် အဓိကတရားခံဖြစ်တဲ့ ချန်ရိဟန်ကိုတော့ အရင်ကသူ့အဖေသေဆုံးမှုအတွက်ပါပေါင်းကာ သက်သေအထောက်အထားခိုင်ခိုင်လုံလုံနဲ့ကို ထောင်ချပစ်လိုက်သည်။
ရန်လုကတော့ အမှားတွေအတွက် သူ့ကိုအတန်တန်တောင်းပန်ရင်း နောက်ဆုံးသူ့အဖေရှိတဲ့နိုင်ငံရပ်ခြားကိုသာ အပြီးပြန်သွားခဲ့သည်။
ဝမ်ရိပေါ် တကယ့်ကိုပဲ အရင်က ရှောင်းကျန့်အပေါ် ရက်စက်ခဲ့မိတာတွေအတွက်ရော ရက်စက်သလို ဖြစ်ခဲ့မိတာတွေအတွက်ပါ ကိုယ့်ကိုကိုယ် နောင်တရမိသည်။
အခုသူ့စိတ်ထဲတွေးနေမိတာက အရင်ကရက်စက်ခဲ့သမျှ၊ပစ်ထားခဲ့သမျှ အတိုးချပြီးနှစ်ဆပြန်ချစ်ပေးဖို့ပင်။