Zawgyi
သူကားရပ်ပြီး အိမ်ထဲကိုဒရောသောပေါပြေးဝင်တော့ အိမ်ရှေ့ကဆိုဖာမှာ ငုတ်တုပ်ကြီးထိုင်နေတဲ့မင်းထန်၊ မျက်နှာကြီးမဲ့ပြီ ဆံပင်တွေလည်းရှုပ်ပွကာ လဒမှိုင်မှိုင်နေတဲ့အတိုင်းပဲ၊ မျက်စပစ်ရင်းမေးလိုက်တော့ အိမ်ပေါ်ထပ်ကိုလက်ညှိုးထိုးပြလာတယ်။
"ညစာအခုထိ မစားရသေးဘူး.....ဆေးလည်းဘယ်လိုတိုက်တိုက်မသောက်ဘူးကွ!......''
မင်းထန်ဆီက ထွက်လာတဲ့စကားကြားတော့ အိမ်ပေါ်ထပ်ကိုသာမော့ကြည့်ပြီး သက်ပြင်းရှည်ကို ခပ်လေးလေးချမိတယ်၊ နာရီကြည့်လိုက်တော့ ညကိုးနာရီခွဲ၊ သူကလည်းသူပဲ ဒီနေ့အိမ်စောစောပြန်လာမယ် အပြင်မှာတစ်ခုခုလိုက်ကျွေးမယ် ပြင်ဆင်ထားပြီးအိမ်မှာစောင့်နေလို့ ရှောင်းကျန့်ကိုပြောခဲ့တာ။
ပြီးတော့ ဒီနေ့ကရှောင်းကျန့်မွေးနေ့ သူလက်ဆောင်ပြင်ဆင်ထားတာလည်းရှိတယ်၊ ဒီကောင်လေးအပေါ် လေးလေးနက်နက်နဲ့ချစ်ခွင့်ထပ်ပန်ချင်ခဲ့တာကသူအစီအစဉ်တွေထဲကတစ်ခု၊ အလုပ်ရောက်တော့ အဖျက်ကစတာပဲ၊ မဖြစ်မနေတက်ရမယ့်အစည်းအဝေးနဲ့ လုပ်ငန်းရှင်တွေအတွက်သီးသန့်မိတ်ဆုံစားပွဲကြောင့် မတက်မဖြစ်တက်ရပြန်သည်။
ရှောင်းကျန့်ဆီကို ဖုန်းဆက်ပြီးပြောဖို့ကိုလည်း အလုပ်တွေရှုပ်ပြီးလုံးဝကိုမေ့သွားခဲ့တာ၊ သတိရပြီးနာရီကြည့်လိုက်မိတော့မှ ညရှစ်နာရီခွဲ။လုပ်ငန်းရှင်တွေကိုပဲ တောင်းတောင်းပန်ပန်နဲ့နှုတ်ဆက်ပြီးပြန်လာခဲ့ရသည်၊ ပြန်လာတဲ့လမ်းတောက်လျှောက်ဖုန်းခေါ်ပေမယ့်လုံးဝမကိုင် နောက်ဆုံးစက်ပိတ်လိုက်သည့်အထိဆိုတော့ စိတ်ကောက်ရုံအဆင့်မဟုတ်တော့။
လော့မချထားတဲ့ အခန်းလေးကိုအသာတွန်းပြီးခြေဖွကာဝင်လိုက်တော့ အိပ်ယာထက်မှာကျောခိုင်းပြီးကွေးကွေးလေးအိပ်နေတဲ့ရှောင်းကျန့်၊ ဝမ်ရိပေါ်အနားကိုဖြည်းဖြည်းချင်းကပ်သွားပြီး ကုတင်ပေါ်ကိုတင်ပါးလွှဲထိုင်လိုက်သည်၊ မွေ့ယာလေးအိခနဲ့ဖြစ်သွားတာကြောင့် ဝမ်ရိပေါ်ဝင်လာတာကို ရှောင်းကျန့်သိတယ်၊ ဒါပေမယ့် ဝမ်းနည်းနေတဲ့စိတ်ကြောင့် လှည့်မကြည့်ပဲငိုနေတာကို ရှိုက်သံထွက်မည်ဆိုးသောကြောင့် အောက်နှုတ်ခမ်းလေးကိုသာဖိကိုက်ထားလိုက်မိသည်။