Zawgyi
ဒီရက်ပိုင်း ဝမ်ရိပေါ်ရာ မင်းထန်ရော မလုပ်မအားကြဘူး၊ ဝမ်ရိပေါ်ကတော့ ကုမ္ပဏီလုပ်ငန်းအသစ်တွေကြောင့် အလုပ်များနေတာဖြစ်ပြီး မင်းထန်ကတော့ ရှောင်းကျန့်ကိုကားမောင်းသင်ပေးနေတာကြောင့် မအားတာဖြစ်သည်၊ သုံးယောက်ထဲမှာ အေးဆေးဆုံးဖြစ်နေတဲ့ ရှောင်းကျန့်ကတော့ ကားမောင်းတတ်ပြီဆိုတာနှင့် လက်တည့်စမ်းပြီး ဟိုဟိုဒီဒီသွားချင်လာသည်။
စိတ်ချမ်းသာပြီးထူထူထောင်ထောင်ဖြစ်နေတဲ့ရှောင်းကျန့်က အိမ်မှာရှိနေတဲ့အချိန် စားသောက်ဖွယ်ရာတစ်မျိုးပြီးတစ်မျိုးချက်ပြုတ်ပြီး နေ့လည်ဘက်ကို ဝမ်ရိပေါ်ရှိတဲ့ကုမ္ပဏီကိုသွားတတ်သေးသည်၊ ကုမ္ပဏီမှာ နှစ်ယောက်အတူစားသောက်ပြီး ညနေပိုင်းဝမ်ရိပေါ်အလုပ်ပြီးကာမှ နှစ်ယောက်အတူပြန်လာတတ်သည်၊ ရှောင်းကျန့်က တစ်ခါတစ်လေတွင်တော့ ကျန်းဖန်ရိ တို့ဆီကို ကိုယ်တိုင်ကားလေးမောင်းပြီးသွားလည်တတ်တယ်၊ ရှောင်းကျန့်ကားမောင်းတာကို ဝမ်ရိပေါ်သဘောမကျပေမယ့် ပိတ်ပင်ခြင်းလည်းမရှိ စိတ်ချမ်းသာပါစေလို့သာ လွှတ်ထားပေးလိုက်တာဖြစ်သည်။
ဒီနေ့လည်းရှောင်းကျန့်က နေ့လည်ခင်းထမင်းစားချိန်မတိုင်ခင်မှာပင် ကားသော့လေးတစ်ဝှီဝှီ ထမင်းဘူးလေးကိုင်ပြီး သူ့ဆီကိုရောက်လာတယ်၊ လုပ်ချင်တာများလုပ်နေရရင် ရှောင်းကျန့်တို့ကပျော်လို့မဆုံးတပြုံးပြုံးပဲ၊ ရှောင်းကျန့်မျက်နှာကို တစ်ချက်ကလေးတောင်အညှိုးမခံတဲ့ ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ပျော်ရင်ပြီးရောဆိုပြီး အရာအားလုံးကိုမျက်ကွယ်ပြုထားခဲ့သည်။
"ဒီနေ့လည်း ဘာတွေလက်တည့်စမ်းခဲ့ပြန်ပြီလဲ.......''
ထမင်းဘူးလေးကိုင်ပြီးမြောက်ကြွမြောက်ကြွနဲ့ရောက်လာတဲ့ ကောင်လေးကို ရုံးခန်းထဲကဝမ်ရိပေါ်က ဆီးကြိုပြီးမေးတယ်။
"ဆူရှီလုပ်ခဲ့တယ်...ခင်ဗျားကြိုက်တယ်မှတ်လား.......''
ထမင်းဘူးလေးကိုမြောက်ပြပြီး ခပ်ပြုံးပြုံးရုံးခန်းထဲဝင်လာတဲ့ ရှောင်းကျန့်က ကလေးလေးတစ်ယောက်လိုပဲ၊ မင်းထန်လက်ဆောင်ပေးတဲ့ ဟူဒီအစိမ်းရောင်ကို ရှောင်းကျန့်ကဘာကြည့်ပြီးကြိုက်လဲတော့မသိဘူး အနည်းဆုံးတစ်ပတ်ကိုတစ်ရက်လောက်တော့ဝတ်တာကိုတွေ့ရသည်၊ နေမထိလေမထိ ပိုးလုံးလေးလိုနေရတဲ့ရှောင်းကျန့်က အသားအရေလေးတွေဆို ဖြူတာလည်းမဟုတ်ရွှေဝါရောင်သန်းနေပြီး တကယ့်ကို တယုတယနဲ့သိမ်းထားချင်စရာပုံစံလေးဖြစ်သည်။