ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၄)
အပိုင်း (၇၈၁): ကျိဟွား
ကျောက်မဟာပြည်ထောင်ဘုရင်မင်းမြတ်က ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “ ကျောက်မဟာပြည်ထောင်က ပါရမီရှင်သုံးယောက်ကို အနိုင်ယူခဲ့တဲ့အတွက်… ရီဖူရှင်း… မင်းရဲ့မြေရိုင်းပြည်နယ်က လူတွေ ငါ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်… ပြည်နယ်ကိုးခုညီလာခံကို လာရောက်တဲ့လူတွေအားလုံးက မင်း အရူးလုပ်တာကို ခံခဲ့ရတာပဲ… မင်းကမိမိကိုယ်ကို နှိမ့်ချဆက်ဆံတတ်တယ်လို့ ရှီဟွာတောင်ရှန့်ထိုကိုယ်တိုင်က ယုံကြည်ခဲ့တယ်… အခုကတော့ မင်းက တော်တော် ရည်မှန်းချက်မြင့်ပုံရတယ်…
အားလုံး၏အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းက အားလုံးကို အရူးလုပ်ခဲ့ပါသလော။
“ စီနီယာ… မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခုညီလာခံကို ပထမဆုံး ဝင်ပြိုင်ဖူးတာပါ… ကျွန်တော့အတွက်လည်း ပထမဆုံးအကြိမ် မြေရိုင်းပြည်နယ်ပြင်ပကို ထွက်ဖူးတာပါ… ကျွန်တော်က အရှေ့ဘက်ပြည်နယ်ကို ရောက်တာ နှစ်တစ်ဝက်ပဲ ရှိသေးတော့ ဘယ်တော်ဝင်မြေက ဘယ်လောက်အားကောင်းတယ်ဆိုတာကိုလည်း အတိအကျမသိပါဘူး… ကျွန်တော်က ပြည်နယ်ကိုးခုညီလာခံကို သင်ယူဖို့ တက်ရောက်လာတာပါ… ဒီနည်းနဲ့ မြေရိုင်းပြည်နယ်က တခြားပြည်နယ်တွေနဲ့ တန်းတူယှဉ်နိုင်လာပြီး တိုးတက်ထွန်းကားလာဖို့ မျှော်လင့်နေတာပါ… ဒါပေမဲ့ မြေရိုင်းပြည်နယ်ရဲ့ တပည့်တွေကိုယ်တိုင်ကလည်း ကျွန်တော့ကို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကောင်းတွေ ပေးခဲ့ကြပါတယ်… ” ရီဖူရှင်းက ဘုရင်မင်းမြတ်အား တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြောသည်။ အားလုံးက အခြေအနေကို ထူးဆန်းစွာ ကြည့်နေကြသည်။ ရီဖူရှင်းကား သူ၏စကားလုံးများတွင် ရိုးသားဟန်ရကာ သူပြောသည်ကလည်း မမှားပေ။
ရီဖူရှင်းကား မြေရိုင်းပြည်နယ်အပြင်ဘက်ကို ထွက်ကာ ပြည်နယ်ကိုးခုညီလာခံ၌ ပါဝင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့ကား ထိုအချက်ကို ဘာမှ မပြောနိုင်။
“ ကျွန်မတို့က ဖြစ်လာတဲ့အခြေအနေကိုလိုက်ပြီး သူများတွေကိုချည်း အပြစ်တင်လို့ မရဘူး… မြေရိုင်းပြည်နယ်က ရှန့်ထိုမရှိလို့ သူတို့တပည့်တွေက အားနည်းမယ်လို့ အကုန်လုံး တွေးခဲ့ကြတယ်.. တကယ်တမ်း သူတို့တွေ စွမ်းဆောင်ရည်ကောင်းကို ပြသခဲ့တဲ့အချိန်မှာ နန်းတော်သခင်ရီရဲ့ လှည့်စားခြင်းကို ခံရတယ်လို့ စွပ်စွဲတာကတော့ မဖြစ်သင့်ပါဘူး… ” မှန်နန်းတော်သခင်မက ပြုံးလျှက်ထပ်ပြောသည်… “ မြေရိုင်းပြည်နယ်က တပည့်တွေက ဒီအထိလာခဲ့တာတောင် တော်တော်ခက်ခဲကြရမှာပဲ… ”
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။