- 1 -

36.1K 1.9K 57
                                    

မနက်ခင်းနေရောင်ခြည် မြူနှင်းတွေကြားကနေ လမ်းမပေါ် ဖြာကျနေပုံက ကောင်းကင်ပေါ်က တစ်ယောက်ယောက် ဆင်းလာတော့မလို့ လမ်းခင်းပေးထားသလိုမျိုး။

ကျောင်းအဝင်လမ်းမက လူအရမ်းမရှုပ်သေးပေမယ့် လမ်းလျှောက်နေတဲ့သူတွေကတော့ ဟိုတစ်ယောက်ဒီတစ်ယောက် ရှိနေပြီ။ မျက်နှာကိုတိုးလာတဲ့ လေက လတ်ဆတ်ပေမယ့် အေးစိမ့်နေတယ်။ စက်ဘီးနင်းနေရင်း လက်ကိုတိုးလာတဲ့ လေအေးတွေကြောင့် လက်တွေက တအားထုံလာနေပြီ။ ဒီလောက်မအေးဘူးထင်လို့ လက်အိတ် စွပ်မလာခဲ့မိတာ။ အတန်းထဲမြန်မြန်ရောက်မှ အအေးသက်သာမှာမို့ လက်ကိုင်ကို တင်းကိုင်မိလိုက်ရင်း စက်ဘီးကို အရှိန်မြှင့်နင်းလိုက်တယ်။

စာသင်ဆောင်ဘက်ကိုသွားတဲ့ လမ်းချိုးအကွေ့မှာ သစ်ပင်တွေကွယ်နေတာမို့ တစ်ဖက်မှာ လူလာနေလား မသိနိုင်တာကြောင့် အရှိန်လျှော့ဖို့ ဘရိတ်ကို ဖြည်းဖြည်းဆွဲလိုက်ပေမယ့် ကံဆိုးစွာပဲ အကွေ့မှာထွက်လာတဲ့ တစ်ယောက်ကြောင့် စက်ဘီးလက်ကိုင်လေးဟာ ကမောက်ကမ။

တစ်ဖက်ကောင်လေးကလည်း လန့်သွားပုံပဲ..။ လက်ထဲက စာအုပ်တွေ လွတ်ကျကုန်ပြီ။

" တောင်းပန်ပါတယ် .. တောင်းပန်ပါတယ် .. 
ဘယ်နားထိခိုက်မိသွားသေးလဲ မသိဘူး "

" ရပါတယ်။ တကယ်ဆို ဒီအပင်တွေဘေးက ကပ်မလျှောက်သင့်တာကို "

စာအုပ်တွေကို ကူကောက်ပေးရင်း မေးကြည့်ပေမဲ့ အကြည့်တွေကတော့ စာအုပ်တွေကို လိုက်ကောက်နေတဲ့ ကောင်လေးရဲ့ နီရဲနေတဲ့ နားရွက်ဖျားလေးနဲ့ စာအုပ်အဖုံးပေါ် ပြေးလွှားနေတဲ့ လက်ချောင်းသွယ်သွယ်တွေဆီကနေ မလွှဲနိုင်ခဲ့ဘူး။

နောက်ဆုံးစာအုပ်ကို လှမ်းကောက်မိတဲ့အချိန် ထိမိသွားတဲ့ လက်ဖျားကလေးတွေက ... မထင်မှတ်ထားလောက်အောင် နွေးနေတယ်။

" လက်ဖျားတွေက အေးနေတာပဲ ... "

တိုးဖွဖွအသံနဲ့အတူ မော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေနဲ့ ဆုံတဲ့အခါ အလိုလို အသက်အောင့်မိလျှက်သား။ ခေါင်းထဲမှာ ဗလာကျင်းပြီး တစ်ယောက်တည်း ကမ္ဘာ့အပြင်ဘက် ရောက်သွားသလိုမျိုး..။

NOSTALGIA [Completed]Where stories live. Discover now