ပုံမှန် မနက်စာစား၊ ပြင်ဆင်ပြီးတာနဲ့ အလုပ်တန်းသွားတတ်တဲ့ သားက အခုတော့ သတင်းစာတစ်စောင်နဲ့ ဧည့်ခန်းထဲမှာ ငုတ်တုတ်ထိုင်နေလို့ အသာကြည့်နေလိုက်တာ၊ ခဏနေတော့ ချန်းယောလ်က မျက်နှာကြီးဖြီးပြီး ရောက်လာသလို သားဖြစ်သူကလည်း ပြုံးတုံ့တုံ့နဲ့ ကားပေါ်ပါသွားတာမို့ အဆင်ပြေသွားကြပြီဆိုတာ နားလည်လိုက်တယ်။
တတ်လည်း တတ်နိုင်တဲ့ဟာတွေ..။ သူတို့နှစ်ယောက် တငိုငို၊ တရယ်ရယ်လုပ်တာနဲ့ ကြားလူတွေလည်း စိတ်မချမ်းသာရဘူး။
ဒီတစ်ယောက်တည်း မွေးထားတာမို့ ဖြစ်သမျှအကြောင်း အကောင်းမှတ်ပြီး ဒီတစ်ယောက်ကလေးကိုပဲ ပျော်ရွှင်စေချင်တော့တာ။ ဒီနှစ်တွေအတွင်း ဒီကလေးတွေ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းခဲ့ရတာ ကိုယ့်မျက်မြင်ပဲ ဖြစ်ခဲ့တာမို့။
အမြဲ လက်တွေ့ကျကျ တွေးခေါ်တတ်တဲ့ သားက အချစ်အပေါ် ဒီလောက်ကိုးကွယ်သွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ချန်းယောလ်လေးရဲ့ အချစ်တွေကပဲ သားကို ဒီလိုလောဘကြီးလာစေတယ် ထင်ပါရဲ့။
ကိုယ့်သားဖြစ်သူက သူချစ်သလောက် မာနကြီး၊ ဟိုဘက်က ကလေးကလည်း အချစ်ကြီးတော့ အတ္တကြီး။ နှစ်ယောက်က ကိုယ့်အတွေးနဲ့ကိုယ် မှန်နေကြတာမို့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မှာ စိုးရိမ်ခဲ့ရတာ။ ဘာပဲဖြစ်ဖြစ် အရာအားလုံး အချစ်နဲ့ အကောင်းအတိုင်းပြန်ဖြစ်မှာကို သိပြီးသားမို့ ထွေထွေထူးထူး စိုးရိမ်နေတာမျိုးလည်း မရှိခဲ့ပါဘူး။
တစ်ခုပဲ။ ချစ်လှစွာသော သားကလေးက ချန်းယောလ်နဲ့အဆင်မပြေရင် အိမ်ပြန်ပြေးလာလိုက်၊ တည့်နေရင် ဟိုသွားနေလိုက်နဲ့ အိမ်ကို ဇရပ်လိုလုပ်နေလို့ မျက်စိဆံပင်မွှေးစူးနေခြင်းသာ။ အခုအဆင်ပြေသွားကြပြီဆိုတော့ ဟိုမှာပဲသွားနေတော့မှာ အသေအချာ။ ဒီလောက်ဖြစ်နေတဲ့ဟာလေးတွေကို နည်းနည်းတော့ ကျောင်းမှန်းကန်မှန်းသိအောင် ပညာပေးရဦးမယ်။
ချန်းယောလ်ရဲ့ကားပေါ် ပါသွားတဲ့ ဘတ်ဟျွန်းကတော့ အခုထိ ချန်းယောလ်မျက်နှာကို မကြည့်သလို စကားလည်း တစ်ခွန်းမှမပြော။ အပြင်ကိုပဲ ငေးပြီး လိုက်လာပေမယ့် မျက်နှာလေးက ပြုံးပြုံးလေးဖြစ်နေတာမို့ ရှက်နေတယ်ဆိုတာ သိသာနေပါရဲ့။
YOU ARE READING
NOSTALGIA [Completed]