- 37 -

11.9K 1.3K 260
                                    

လူတွေအများကြီး ကြားထဲမှာရောက်နေတယ်။ အားလုံးက ကိုယ့်ဦးတည်ရာနဲ့ကိုယ် သွားလာနေကြပေမယ့် ကိုယ်ကတော့ တစ်စုံတစ်ယောက်ကို လိုက်ရှာနေသလိုမျိုး ခေါင်းတွေ ချာချာလည်အောင် တစ်ယောက်တည်း ယောက်ယက်ခတ်နေတာ။

လူတွေကြားထဲ တိုးတိုက်ရှာနေရင်း ရင်းနှီးနေတဲ့ နောက်ကျောကို မြင်တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ ထိုလူဆီကိုသွားပြီး လှမ်းခေါ်လိုက်ပေမယ့် ..
         
" မောင် ... "
         
လှည့်ကြည့်လာတဲ့ မျက်နှာဟာ မောင်မဟုတ်တဲ့အခါ ဘတ်ဟျွန်းကမ္ဘာ ချာချာလည်ရတယ်။

ရှာနေတာ ဘယ်လောက်ကြာနေပြီလဲ မသိတော့ဘူး။ လူတွေသာ များလာပြီး နေရာအစုံရောက်သွားတယ်၊ မောင့်ကို မတွေ့ရဘူး။
         
ဘယ်မှာများ အပုန်းကောင်းနေသလဲ မောင်ရေ .. ငါ့အမှားတွေကို သိပြီး မင်းကျေနပ်တဲ့အထိ တောင်းပန်မှာမို့ အခုလို ရှောင်ပုန်းမနေဘဲ ကျေးဇူးပြုပြီး ထွက်လာပေးပါလား။
         
ရှာရင်းဖွေရင်း ဘေးတိုက်မြင်ရတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတဲ့အခါ သေချာမှုတစ်ခုက ရင်ထဲကိန်းအောင်းလာတယ်။
         
" မောင် .. "
         
လက်ကို လှမ်းဆွဲလိုက်တော့ လှည့်ကြည့်လာတဲ့ မျက်နှာဟာ တစ်ယောက်သောသူ မှန်ကန်နေတဲ့အခါ အလိုလိုနေရင်း မျက်ရည်တွေဝဲလာရတယ်။
         
" မောင် ... "
         
" ဘယ်သူက မင်းရဲ့ မောင်လဲ။ ငါ့ကို လွှတ် "
         
မောင်လို့တောင် ခေါ်ခွင့်မရှိခဲ့..။
         
" ချန်း ဟင့်အင်း..။ ငါတောင်းပန်တယ်လေ .. "
         
ခပ်ရွဲ့ရွဲ့ပြုံးလိုက်တဲ့ မောင်က ကြည့်လို့သိပ်ကောင်းပေမယ့် ကိုယ့်အတွက်တော့ ကောင်းတဲ့အပြုံးမဟုတ်မှန်း အလိုလိုနားလည်လိုက်ပါရဲ့။
         
" ငါ့ဆီကနေ ထွက်သွားတော့ "
        
" ဟင့်အင်း ... "
         
နာရီစင်က အချက်ပေးသံက တစ်မြို့လုံးကြားရအောင် ပေါ်ထွက်လာတယ်။
         
" ချန်း .. ငါအချိန်မရှိဘူး .. ကျေးဇူးပြုပြီး .. "
         
" ငါမင်းကို မလိုအပ်တော့ဘူး "
         
မျက်ရည်စတွေကြားထဲ တောင်းဆိုမိပေမယ့် မောင်က ဆွဲထားတဲ့လက်ကို ရုန်းဖယ်ပြီး လူတွေကြားထဲ ရောနှောပျောက်ကွယ်သွားပြန်တယ်။
         
ဟင့်အင်း .. အဲ့ဒီလို မဖြစ်ရဘူး။ ငါထပ်ပြီး တောင်းပန်မှာမို့၊ မင်းကန်ထုတ်ရင်တောင် မင်းအနားမှာပဲ နေတော့မှာမလို့ ငါတို့ ဒီလိုပြီးသွားလို့ မရဘူး။
         
ထပ်ပြီးလိုက်ရှာတယ်။ ဒါပေမဲ့ အရိပ်ကလေးတောင် မမြင်ရတော့တဲ့အခါ မျက်ရည်ပူတွေက အလိုလိုစီးကျလာတယ်။
         
' ကျေးဇူးပြုပြီး ... '
         
လက်ကနာရီကို ကြည့်လိုက်တော့ အလုပ်ပြန်သွားရမယ့် အချိန်နီးနေပြီ။ အလုပ်သွားမှ ဖြစ်မှာ။ အလုပ်လုပ်မှ၊ ပိုက်ဆံတွေရှာနိုင်မှ၊ ငါအောင်မြင်မှ မောင့်ကို အကူအညီပေးနိုင်မှာ။ ဒါပေမယ့် မောင့်ကိုလည်း တွေ့မှ ဖြစ်မယ်။
         
' ငါ့ဆီ ပြန်လာပေး .. '
         
သွားနေရင်းနဲ့ လမ်းတွေလည်း မမှတ်မိတော့ဘူး။ အလုပ်ချိန်လည်း ကျော်နေပြီး မောင့်ကိုလည်း မတွေ့ရတော့ဘူး။ ရောက်တဲ့နေရာမှာ ခြေစုံရပ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပေမယ့် ကိုယ်နဲ့ရင်းနှီးနေတာ တစ်ခုမှမရှိ။
         
မပြန်တတ်တော့ဘူး။ ငါအခု မောင့်ကိုလိုအပ်နေတယ်လေ..။ လမ်းပျောက်နေတဲ့ ငါ့ကို လာမခေါ်ပေးတော့ဘူးလား။
         
တွေ့ကရာလမ်းထဲ ပြေးဝင်ပြီး ထွက်ပေါက်ရှာကြည့်ပေမယ့် ဝင်္ကမ္ဘာတစ်ခုထဲ ရောက်နေသလိုမျိုး ခေါင်းတွေသာမူးလာရတယ် အပြန်လမ်းကို ရှာလို့မတွေ့တော့ဘူး။
         
' ချန်း ..  '
         
' မသွားပါနဲ့ ...  '
         
' ကျေးဇူးပြုပြီးတော့ ... '
         
' ချန်း .. မသွားပါနဲ့ ... '
         
တိုးဖွဖွအသံကြောင့် မှေးခနဲ အိပ်ပျော်နေရာကနေ ကြည့်လိုက်တော့ မျက်ရည်တွေကျနေပြန်တာမို့ အိပ်မက်ယောင်နေတာမှန်း နားလည်လိုက်တယ်။ အချိန်ကိုကြည့်တော့ မနက် ၇ နာရီ။
         
' မသွားပါနဲ့ .. ပြန်လာပေးပါပဲ ' တဖွဖွပြောနေတဲ့ ကောင်လေးဟာ အိပ်မက်ထဲအထိ ငိုနေရဆဲ ထင်ပါရဲ့။

NOSTALGIA [Completed]Where stories live. Discover now