- 17 -

6.3K 870 25
                                    

အခန်းလေးပြင်လိုက်တာက နှစ်ယောက်အတွက် အရင်ကထက်ပိုပြီး အဆင်ပြေသွားတယ်ပဲ ဆိုရမလား။ အရင်ကဆို နှစ်ယောက်တွေ့ရင် ဘယ်သွားပြီး ဘာလုပ်ရမယ်ဆိုတာကို ခေါင်းပူမတတ်စဥ်းစားရတဲ့ ဒုက္ခကနေ တော်တော်လေး သက်သာသွားတယ်။ တနင်္ဂနွေနေ့တွေဆို တစ်နေကုန် အတူရှိတတ်ကြတဲ့အပြင် ချန်းယောလ်က သူအင်တာနက်ကနေ လေ့လာထားသမျှ ဟင်းချက်နည်းတွေကို လက်တည့်စမ်းချက်ပြီး ဘတ်ဟျွန်းက ဒိုင်ခံစားပေးတယ်။ ညနေခင်းတွေဆို ဝရံတာမှာ နှစ်ယောက်သား ဂစ်တာတဒေါင်ဒေါင်ခေါက်ရင်း အဆိုရူးကြသေးတယ်။

အိပ်ခန်းနဲ့ဆက်နေတဲ့ ဝရံတာလေးက လေတဖြူးဖြူးနဲ့မို့ ညနေဆို နေလို့သိပ်ကောင်းတာ။ ဒီလိုညနေတွေဆို မျက်နှာချင်းဆိုင်ထိုင်ရင်း ဘီယာတစ်ယောက်တစ်ဘူးစီကိုင်ပြီး အမြည်းလေးစားလိုက် ရောက်တတ်ရာရာတွေ လျှောက်ပြောလိုက်နဲ့။ လူငယ်သဘာဝ အပျော်လည်း မပျက်စေရ၊ လူလည်း မပျက်စီးစေရဘဲ ချစ်သူရဲ့ဘေးမှာ အတူရှိနေရတာက ဘယ်ဘဝက ကုသိုလ်ကံမျိုးလဲလို့တောင် တွေးမိတယ်။

" အသက် ဒီတစ်ဘူးဆိုတော်ပြီနော် "

" ဒီထက်ပိုရင်လည်း တင်ပါးတွေပူလာမှာစိုးလို့ ပိုမသောက်နိုင်ပါဘူး "

လေတဖြူးဖြူးတိုက်နေတာမို့ ဟိုတလောကမှ ဆိုးထားတဲ့ ပန်းနုရောင်ဆံပင်တွေက လေထဲမှာ တလွင့်လွင့်ဖြစ်နေသလို ဘီယာအရှိန်ကြောင့် မျက်နှာလေးကလည်း ရဲစပ်စပ်။ အခုမှ ပန်းရောင် မိုချီတုံးလေး ဖြစ်နေတာ။

" မောင်လည်း ဆံပင်ဆေးဆိုးချင်လိုက်တာကွာ "

" အဖြူဆိုးပါလား .. မောင်နဲ့လိုက်မှာ "

" ကုမ္ပဏီသွားရတော့ မသင့်တော်ဘူးလားလို့လေ
ဝန်ထမ်းတွေကြားမှာ စပ်ဖြဲဖြဲဖြစ်နေမှာစိုးလို့ "

" မောင်က MD ဆိုပေမယ့် လူငယ်တစ်ယောက်ဆိုတာ သူတို့လက်ခံရမယ်လေ။ လူငယ်တစ်ယောက်က လူငယ်လိုနေတာ ဘာကပြဿနာရှိလို့လဲ။ စိတ်ပူရင် ကုမ္ပဏီသွားတဲ့အခါ လှန်တင်ထားလိုက်။ မောင်က ဆံပင်သိမ်းထားရင် မျက်နှာပိုတည်သွားတတ်လို့ အဆင်ပြေတယ်။ ကျောင်းလာမှ မောင်လုပ်ချင်သလိုလုပ် "

အဲ့ဒါလည်း ဟုတ်တာပဲ။ ကိုယ်ကလူငယ်ပဲ။ တာဝန်ဆိုတာကြီးကြောင့် ကိုယ့်လွတ်လပ်ခွင့်တွေကို ထိန်းချုပ်ထားရတာ မဖြစ်သင့်တာကြီးမဟုတ်လား။ ဆံပင်ဆေးဆိုးတာနဲ့ အုပ်ချုပ်ရေးနဲ့ ဘာမှမပတ်သတ်တာပဲ။ ပတ်သတ်တော့လည်း ကိုယ်က MD .. ဘာဖြစ်လဲ မစဥ်းစားတော့ဘူး။

" အဲ့ဒါဆို ဆိုးပစ်လိုက်တော့မယ် "

" လုပ်သာလုပ် "

အဲ့လိုပဲ လိုက်ဖက်ညီတဲ့စုံတွဲဆိုတာ တစ်ယောက်ကလုပ်မယ်ဆို တစ်ယောက်က ဒီလိုမြှောက်ပေးတတ်တာမျိုး။

စကားပြောနေရင်းပဲ ချန်းယောလ်ဆီ ဖုန်းဝင်လာတာမို့ ခဏစောင့်ဖို့ပြောပြီး ခပ်လှမ်းလှမ်းမှာ သွားပြောနေပေမယ့် ပြန်လာတော့ စိတ်ရှုပ်စရာ တစ်ခုခုပါလာသလို မျက်မှောင်တွန့်ချိုးပြီး ပြန်ရောက်လာတယ်။

" ဘာဖြစ်လာတာလဲ .. မျက်နှာကြီးက "

" မောင်တို့အခု စက်ရုံအသစ်ဆောက်ဖို့ လုပ်နေတာကွာ .. အဲ့ဒါ မြေနေရာရွေးနေတာ အခုထိကို တိကျတဲ့ အဖြေမထွက်ဘူး "

" အင်း .. အဲ့ဒါနဲ့ ... "

" တချို့ကလည်း စျေးကွက်နဲ့ နီးတဲ့နေရာမှာ ဆောက်ချင်တယ်။ တစ်ခါတည်း တန်းဖြန့်လို့ရသလို သယ်ယူစရိတ်လည်း သက်သာအောင်တဲ့။ တချို့ကျတော့လည်း Resource ရှိတဲ့နေရာမှာ ဆောက်ချင်တယ်။ Resource ကို လွယ်လွယ်ကူကူရတော့ Production ပိုင်းကို မြန်မြန်လုပ်နိုင်သလို ထုတ်ပြီးသား Product ကို သယ်ရတာမို့ သယ်ယူစရိတ်လည်း သက်သာတယ်တဲ့ "

သူ့ပြဿနာကို တနံတလျား ရှင်းပြပြီးနောက် သက်ပြင်းကပါ အလိုလိုပါလာတယ်။

" အဲ့လိုနဲ့ အဖွဲ့နှစ်ဖွဲ့ကွဲနေတာ ညှိလို့ကိုမရဘူး။ မောင်လည်း တော်တော်အကြံအိုက်နေပြီ။ ကိုယ့်ဆုံးဖြတ်ချက်ဆိုပေမယ့် အလျှင်စလိုမလုပ်ရဲဘူး။ မောင်လုပ်လို့ လွဲကုန်ရင် အကုန်,ကုန်မှာ "

တကယ်ကို စိတ်ရှုပ်နေဟန်ကြီးနဲ့ ဘီယာတွေချည်း စွတ်မော့နေတော့တာမို့ ဘေးကနေ အသာလေးပဲ ထိုင်ကြည့်နေလိုက်တော့တယ်။ ဒါပေမဲ့ ဒါတွေသောက်နေလို့ ပြေလည်သွားမှာ မဟုတ်ဘဲ။ မောင်စိတ်ရှုပ်နေတာ မြင်ရတော့လည်း ကိုယ်က သနားအားနာရတယ်။ တကယ်ဆို မောင်က အမြဲပျော်ပျော်နေတတ်တဲ့ Happy Virus လေး ဖြစ်ခဲ့တာ။ သူ့ style မဟုတ်တဲ့ ဒီတာဝန်တွေကြားမှာ ဘယ်လောက်စိတ်ရှုပ်နေလိမ့်မလဲ။

" ငါတစ်ခု ပြောကြည့်လို့ရမလား "

" အင်း .. "

" တို့ 3rd year တုန်းက သင်ရတယ်လေ။ Urban မှာ မောင်အခုဖြစ်နေတဲ့ Resource နဲ့ market ကြားက ပြဿနာနဲ့ သက်ဆိုင်တာ ပါမယ်ထင်တယ်။ မှတ်မိလား "

ခဏတော့ စဥ်းစားသလို ငြိမ်ကျသွားတယ်။ ပြီးတော့မှ ဝမ်းသာအားရပုံပေါက်လာပြီး မျက်နှာကြီးက ပြုံးရွှင်လာတော့တာ။

" သိပြီ သိပြီ။ မောင်လုံးဝ မစဥ်းစားမိဘူး။
အာ .. တကယ်ကွာ။ တော်သေးတာပေါ့ အသက်ရာ .. "

" မောင့်အသည်းလေးက အတော်ဆုံးပဲ
ကျေးဇူးတင်လိုက်တာ မောင့်အဖိုးတန်လေး "

အသက်ကို ချစ်တာအပြင် အထင်ကြီး၊ အားကိုးတယ်ဆိုတာ ဒီလိုမျိုးတွေအတွက်လည်း ပါတယ်။ ကိုယ့်ရဲ့ဘယ်အရာမဆို ကောင်းကောင်းနားလည်ပေးသလို သေချာနားထောင်ပေးတတ်ပြီး အကြံဥာဏ်ကောင်းတွေလည်း ပေးတတ်တယ်။

NOSTALGIA [Completed]Où les histoires vivent. Découvrez maintenant