- 7 -

8.3K 1.1K 71
                                    

ဒီနေ့ကျောင်းပိတ်ရက်မို့ ဘတ်ဟျွန်း အိမ်မှာပဲ နားဖြစ်တယ်။ ချန်းယောလ်ကတော့ သူတို့ဘတ်စကတ်ဘောအသင်းက ဂုဏ်ပြုပွဲရှိတာကြောင့် အသင်းသားတွေနဲ့အတူ ညစာသွားစားကြမယ်လို့ ဖုန်းလှမ်းဆက်ပြီး ဘတ်ဟျွန်းကိုပါ လာဖို့ လှမ်းခေါ်ပေမယ့် ကိုယ်က အသင်းသားလည်း မဟုတ်၊ ဘာမဟုတ်မို့ သူတို့ကြားထဲ ကန့်လန့်ကန့်လန့် ဖြစ်နေမှာစိုးတာနဲ့ မလိုက်ဖြစ်ခဲ့ဘူး။ ချန်းယောလ်မျက်နှာနဲ့ လိုက်သွားရအောင်လည်း ကိုယ်နဲ့သေချာသိတာဆိုလို့ သူတို့ ၃ ယောက်ပဲရှိတာ။ ဘာသွားလုပ်မှာလဲ။ ကိုယ်တစ်ယောက်တည်း အိမ်မှာပဲ အိပ်မှာပေါ့။

ညနေလောက်ကျတော့ အိမ်ကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ပေါက်ချလာတယ်။ တခြားသူတော့ မဟုတ်၊ အထက်တန်းကနေ တက္ကသိုလ်ဒုတိယနှစ်အထိ အတူတူတက်ခဲ့တဲ့ သူငယ်ချင်း ဂင်ဂျုံဒယ်ပင်။ နေတာကလည်း သိပ်မဝေးလှတဲ့ ဟိုဘက်တစ်လမ်းကျော်တင်ဆိုပေမယ့် ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေကြတာနဲ့ တစ်ခါတလေ လိုင်းပေါ်မှာ စကားပြောဖြစ်ကြရုံကလွဲရင် သေချာမတွေ့ဖြစ်ကြတာ ကျောင်းစတက်ကတည်းက ဆိုပါတော့။

" ပျောက်လှချည်လား ဖေ့သားကြီး "

အိမ်တံခါးဖွင့်ပေးပေးချင်း နှုတ်ဆက်စကားပြောတော့ ရယ်မောရင်း လက်သီးဆုပ်က ပုခုံးကို လာထိုးတယ်။

" မင်းမလာနိုင်တော့ ငါလာရတာပေါ့။ အန်တီရော.? "

" မေမေက ဆိုင်သွားတယ် "

ဧည့်ခန်းမှာပဲ ခြေပစ်လက်ပစ်ထိုင်လိုက်တဲ့ ဂျုံဒယ်က အရင်ကတည်းက အိမ်ကိုလာနေကျမို့ စိမ်းမနေဘဲ သူ့အတွက် ဒုတိယ စားအိမ်သောက်အိမ်လိုပဲ။

" ကျောင်းပြောင်းသွားပြီး ပျောက်ချက်သားကောင်းလိုက်တာကွာ "

ရိုးရိုးစကားလေးတစ်ခွန်းဆိုပေမယ့် ဂျုံဒယ်ရဲ့လေသံနဲ့ မျက်ဝန်းတွေက ' မင်းငါတို့ကို ပစ်ထားရက်တယ်။ ငါတို့ကို စိမ်းကားသွားတယ် ' ဆိုတဲ့ အရိပ်တွေ အထင်းသား။ အဲ့လိုဖြစ်ဖို့ မရည်ရွယ်ပေမဲ့ တကယ်လည်း သူတို့ကို ပစ်ထားသလိုကို ဖြစ်သွားခဲ့တာမို့ အားနာမိတာတော့ အမှန်ပဲ။

NOSTALGIA [Completed]Where stories live. Discover now