ဘယ်ဆီနယ်မှမသိ အောင်အောင်မြင်မြင်တွန်ကျူးလိုက်သောလင်းကြက်
တွန်သံသည် နေသစ်၏ အသိစိတ်အာရုံကိုလှုပ်နှိုးသည်။ ခေါင်းတစ်ခုလုံးကို ဆေဗယ်ဝပ်ရှော့ထဲရှိ ဆယ်ပေါင်တူများနှင့် ဝိုင်းထုထားကြသလားမှတ်ရသည်။ နာကျင်အဆင့်ကို ကျော်လွန်လျက် ထုံထိုင်းနေ၏။
ခေါင်းကိုလက်တစ်ဖက်ဖြင့် ဖိအုပ်ကိုင်ပြီးဖြည်းဖြည်းချင်းထကြည့်ရသည်။ ခင်းထားသောစောင်က ထူပေမဲ့ မွေးကတည်းက မွေ့ရာပေါ်အိပ်ခဲ့ရသူမို့ ခါး
ရိုးတလျှောက်နှင့် ကျောပြင်တစ်ခုလုံး
တောင့်ကာ နာနေသည်။ မျက်လုံးတို့ကို
ဖွင့်သော်လည်း ကျိန်းစက်ကာနာနေသည်။
ရေနွေးငွေ့များရှေ့မှမှုတ်ထုတ်ခံနေရသလိုမျက်သားအိမ်တို့က တရှိန်းရှိန်းနှင့် ဝါးတားတားရယ်...မနေ့က ညနေကတည်းကအက်ကွဲနာကျင်နေသော လည်ချောင်းကအခုတော့ သတွေးတောင်မျိုချမရ။
ဟိုနေရာဒီနေရာမှ သဘာဝတကျမဟုတ်ဘဲ တဆစ်ဆစ်နှင့်နာကျင် ကိုက်ခဲနေ၏ ဒါဏ်ရာများကိုတော့ စာရင်းထဲထည့်မနေတော့...ဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသူကိုသာ ငုံ့ကိုင်းကြည့်ရင်း နာကျင်မှုများကိုအာရုံလွှဲလိုက်သည်။ အာရုံဦးအလင်းတန်းမျှင်တို့က အိမ်လေးထဲသို့ ပြောက်တိပြောက်ကျားရောက်နေသည်။ မနေ့ညကမီးချောင်းထွန်းထားသည်ကို သတိရသော်လည်း မီးပျက်နေသည်ထင်။ လျှစ်စစ်မီး
ရောင် မရှိ။ သဘာဝအလင်းမှိန်မှိန်အောက်တွင်သာ မှေးစက်နေသူ၏ သဘာဝဆန်မှုကို အမေ့တမောငေးမိသည်။
တစ်လုံးတည်းရှိသော ခေါင်းအုံးကို နေသစ်ကိုပေးထား၍ ခေါင်းစွပ်အနွေးထည်တစ်ထည်ကို အုံးခုအိပ်နေသည်။ စောင်မရှိ၊ သူ့ကိုသာ ခြုံပေးထား၍ သန်လျင်၏အေးစိမ့်စိမ့်ရာသီဥတုကို တီရှပ်ပါးလေးတစ်ထည်ဖြင့်သာ ပုစွန်ထုပ်ကွေး ကွေးနေရင်းဖြင့် တောင့်ခံထားသည်။ ဘေးတစောင်းအနေအထားဖြင့် မြင်နေရသော
မျက်နှာဖွေးဖွေးသည် ရေးတေးတေးမှိန်
ပျပျရယ်မို့ ဓာတ်ပုံဟောင်းလေးတစ်ခုကိုကြည့်နေရသည်နှင့်တောင်တူသေးသည်။
လွမ်းဆွေးမှုပါလေတော့ ခံစားချက်ကပို၍ အသက်ဝင်သည်။ဖြူဖွေးနေသော ပါးပြင်တစ်ခြမ်း၊ ဆံပင်တိုစိပ်စိပ်တွေ ၊ ထိတွေ့မိဖူးသည့်အသိအရနူးညံ့ပျောင်းပျော့နေသည်တော့ မဟုတ်။
လက်ချောင်းတွေ ထိုးထည့်ဖွချေလိုက်တိုင်းကြမ်းရှရှခံစားရသည်ကပင် ဆွဲဆောင်မှုပါ။ ရိပ်သင်ထားသော နားသယ်မှ ဆံသားတွေကြားမှဲ့နက်သေးလေးတစ်ပွင့်က အဖြူရောင် ကောင်းကင်မှ မဟူရာကြယ်တစ်ပွင့်ပမာ...ထင်းနေသည် ။ နေသစ်သတိမပြုမိခဲ့တာပဲ။ အမြဲမှုန်ကုပ်နေ
သော မျက်ခုံးတန်း...မဲနက်ကာ ထင်းနေသည်မျိုးမဟုတ်ဘဲ မထူမပါးနှင့်မှိန်ဖျော့ဖျော့ဖြစ်နေသည်။ ခန့်ညီမျက်နှာပြင်မှာ အချိုးကျနဆုံးနှင့် အလှဆုံးကိုပြောပါဆိုရင် နှာခေါင်းပင်။ ယောကျာ်းလေးတွေမှာ ရှိခဲသည့် အချိုးအစား။ နှာရိုးထင်းထင်းက သေချာခွဲစိတ်ထားသလိုအဖုအထစ်မရှိ ပြေပြေပြစ်ပြစ်၊ မပွမကြီးဘဲ တွေ့တိုင်းဖျစ်ညှစ်ချင်လောက်အောင် ဖြူဖြူဝန်းဝန်းလေးရှိနေသော နှာခေါင်းထိပ်လေး။ ခန့်ညီ၏ ရုပ်ရည်ကထူးခြားနေတာမျိုးမဟုတ်ပေမဲ့ နေသစ်သဘောကျသည်။ ပြေပြစ်တဲ့နေရာတွေရှိသလို ချို့ယွင်းချက်လေးတွေလည်းရှိနေ
တာပဲ။ ဒါကကို လူသားဆန်ခြင်းမလား။