Chapter : 10

5K 511 10
                                    

သီအို ပန်းချီဆွဲရန် စိတ်ပါလာသဖြင့် သူ အချိန်တော်တော်ကြာ မဆွဲပဲ ပစ်ထားသော အမေ့ရဲ့ ပုံတူပန်းချီကားကို ဆက်ကိုင်နေမိသည်။

အမေ့ပုံတူပန်းချီကားမှာကျန်သည့်နေရာတွေက ပြီးပြည့်စုံလုနီးပါး အနေအထားထိရောက်နေပြီဆိုသော်ငြား အမေ​၏မျက်နှာကိုမူ သီအို ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသေးသည်။ အမေ့မျက်နှာကို ဓာတ်ပုံတွေထဲက ကြည့်ပြီး ကူးယူကောက်ဆွဲလိုက်၍ရပေမဲ့ သူ မဆွဲချက်ပါ။ သီအို့အတွက် ပန်းချီဆွဲခြင်းအတတ်ပညာသည် နှလုံးသားထဲက မြစ်ဖျားခံသည်ဟု ခံယူထားသည်။ သူ့နှလုံးသားက မမှတ်မိတဲ့ မျက်နှာတစ်ခုကို ဒီအတိုင်း ဆွဲထည့်ပစ်ဖို့ထိတော့ နောက်ကျောမလုံပါ။

သူ စုတ်တံကိုချလိုက်ပြီး ဆေးမပေစေရန် ရှေ့မှ ကာဝတ်ထားသော ရှေ့ဖုံးအင်္ကျီကို ချွတ်ချလိုက်သည်။ ထို့နောက် စားပွဲပေါ်တင်ထားသော ဆေးလိပ်ဗူးနှင့် မီးခြစ်ကို ကောက်ဆွဲလိုက်ကာဝရံတာသို့ ထွက်လာမိခဲ့သည်။

ဒီညတော့ ထူးထူးဆန်းဆန်း လမှာ တောက်ပစွာ သာနေသည်။ ဤသို့သော ကြည်လင်တောက်ပနေသည့် လရောင်ကို မမြင်ခဲ့ရတာ ဘယ်နှည ရှိပြီမှန်းပင် သီအို မမှတ်မိတော့။ အခုနောက်ပိုင်း နွေရာသီညတွေကို ထူထဲသော မိုးတိမ်တွေကသာ အမြဲလိုလို ကြီးစိုးနေတတ်ကြသောကြောင့်ပင်။

သီအို ထိန်ညီးစွာ ဖြာဆင်းနေသော လရောင်ကြား ရပ်လိုက်ရင်း သူ့လက်ထဲကိုင်ထားသော စီးကရက်ဗူးကို ဖွင့်လိုက်ကာ ဆေးလိပ်တစ်လိပ်ထုတ်၊ လက်ကြားထဲ ညှပ်လိုက်သည်။ ထို့နောက် ဆေးလိပ်မီးညှိရန် မီးခြစ်ခြစ်လိုက်တော့ တဖြူးဖြူးတိုက်ခတ်လာသည့် ညလေရဲ့ ပယောဂဖြင့် ဆေးလိပ်မီးပင် ညှိ၍ မရသေး၊ မီးတောက်မှာ ပြန်ကာ ငြိမ်းသွားရလေသည်။ သို့နှင့် ဆေးလိပ်ဗူးကို အခန်းထဲက ဆိုဖာပေါ် ပြန်ပစ်တင်လိုက်ပြီး အားနေသော လက်တစ်ဖက်ဖြင့် လေကိုကာပြီး ခြစ်မှသာ ရသွားတော့သည်။

သီအို ဝရံတာပေါ်လက်ထောက်လိုက်ရင်း ပြန့်ကျဲနေသော အတွေးစတို့ကို တစ်ခုချင်းဆွဲထုတ်နေမိသည်။ စီးကရက်က သူ့ကို စိတ်ငြိမ်စေပါသည်။ သူ တစ်ခုခုကို သေချာစဉ်းစားချင်တိုင်း စီးကရက်တစ်လိပ်ကိုတော့အမြဲ ခဲထားလေ့ရှိသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now