Chapter : 17

4K 344 39
                                    

၂၀၀၇ ခုနှစ်၊ ဆောင်းရာသီ။

အဲလက်စ်အိပ်ရာမှနိုးသော် မနက် ၈ နာရီ ထိုးကျော်နေခဲ့ပြီဖြစ်သည်။ သူ အိပ်ရာမှ နိုးနေပေမဲ့ မထသေးပဲ အိပ်ရာပေါ်လှဲရင်း မျက်နှာကျက်ပေါ်က အနုမြူကြယ်လေးတွေကို ဘာရယ်မဟုတ် စိုက်ကြည့်နေမိသည်။ မည်မျှထိ စိုက်ကြည့်နေမိမည်လဲဆိုလျှင် သူ့အကြည့်တွေအောက်မှာပင် ထိုအနုမြူကြယ် မျက်နှာကျက်မှ အောက်သို့ ကြွေကျသွားတော့မည့်အလားပင်။

"ဒေါက်.. ဒေါက်"

ထိုစဉ် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာလေသည်။

"ဝင်ခဲ့"

သူ အော်လိုက်သည်။ သူ့အော်သံအဆုံး အိမ်ဖော်မလေးတစ်ယောက်က ခေါင်းကို ငုံ့လျက် ခြေဖျားထောက်၍ ညင်ညင်သာသာပင် ဝင်လာကာ သူ့အား မကြည့်ပဲ ကြမ်းပြင်ကိုသာ မျက်နှာမူပြီး ပြောသည်။

"မနက်စာ အသင့်ပြင်ပြီးပါပြီ"

"ခဏနေ ငါဆင်းလာခဲ့မယ်"

အိမ်ဖော်မလေးက ခေါင်းကို တစ်ချက်ညွှန်လိုက်ကာ အခန်းမှ ပြန်ထွက်သွားသည်။ ထိုအိမ်ဖော်မလေး ထွက်သွားမှ အဲလက်စ် အိပ်ရာပေါ်မှ ကုန်းရုန်းထလိုက်သည်။ ထို့နောက် ဘာရယ်မဟုတ် စာကြည့်စားပွဲပေါ်ရှိ မနေ့က သူဖတ်၍ မပြီးခဲ့သော ဒေါ်တိုယက်စကီး​၏ စာအုပ်ကို လှမ်းကြည့်မိလိုက်ပါသည်။ ဒေါ်တိုယက်စကီး​၏ ပြစ်မှုနှင့်ပြစ်ဒဏ်စာအုပ်က ရေနံဆီမီးအိမ်ဘေးတွင် စာမျက်နှာ ၁၃၆ တွင် လှန်လျက်သား ရှိနေသည်။ အဲလက်စ် စာအုပ်များကို သူစာဖတ်နေချိန်မှလွဲ ဖွင့်ထားရခြင်းကို မကြိုက်သည်နှင့် စာအုပ်ကြားထဲ တစ်ခုခုညှပ်ခံ၍ ပိတ်ရန် စားပွဲပေါ်ရှိ သေးငယ်သော အရာတစ်ခုခုကို လိုက်ရှာမိလိုက်ပါသည်။

စားပွဲပေါ်တွင်တော့ သူ့ဂစ်တာ၊ မီးအိမ်နှင့် စာအုပ်တွေကလွဲ ဘာဆိုဘာမှ မရှိ။ သို့နှင့် သူ အံဆွဲထဲ ထည့်ထားသော ဂစ်တာ pick ကို ယူရန် အံဆွဲကို ဖွင့်လိုက်သည်။

အံဆွဲထဲတွင် ဂစ်တာကော့ဒ်စာအုပ်အနည်းငယ်ကိုတွေ့ရပေမဲ့ ဂစ်တာ Pick ကိုတော့ မတွေ့ရ။ သို့နှင့် သူ ဂစ်တာစာအုပ်တွေကို လှန်လှောရှာလိုက်တော့ သူငယ်ငယ်တုန်းက အိမ်တွင်းမှုအတန်းဆရာမ​၏ ခိုင်းစေမှုဖြင့် လုပ်ထားသော ကြိုးလက်ကောက်လေး သုံးကွင်းကို ပြန်တွေ့လိုက်ရလေသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now