Chapter : 11

4.5K 366 1
                                    

လောကကြီးမှာ လူမျက်နှာ ဘယ်နှမျိုးလောက်ရှိမလဲဟု အဲလက်စ် ထိုင်တွေးဖူးသည်။

သူ့ခေါင်းထဲ ပထမဆုံး ထိုအတွေးဝင်လာတဲ့အချိန်က သူ့အဖေကို စတွေ့သည့်အချိန်ပင်။ သူ အဖေဆိုသည့် ယောကျာ်းကို စတွေ့သည်က ၂၀၀၃ ခုနှစ် နွေရာသီရက်တစ်ရက်တွင် ဖြစ်သည်။

ထိုအခိုက်အတန့်သည် ရုပ်ရှင်ဆန်သည်ဟုလည်းဆိုရမည်။ သို့သော် ရုပ်ရှင်အရမ်းဆန်နေတာမျိုးလည်းမဟုတ်။ တစ်နေ့သူ အိပ်ရာမှ နိုးလာသည်။ ဧည့်ခန်းထဲတွင် ယောကျာ်းတစ်ယောက်နှင့် အမေ့​၏ စကားပြောသံကို ကြားရသည်။ စကားသံကို ကြားရသလောက် နှစ်ယောက်သား အရေးကြီးသည့် အကြောင်းအရာတစ်ခုကို အပြင်းအထန်ဆွေးနွေးနေကြပုံပေါ်ပါသည်။

အဲလက်စ် သိပ်ပြီးစိတ်မဝင်စားပါ။ အမေ့မှာ သူသိသလောက် ယောကျာ်းမိတ်ဆွေ တော်တော်များများရှိပြီး အလုပ်ကိစ္စတစ်စုံတစ်ရာပေါ်လာလျှင်လည်း ယခုကဲ့သို့ပင် ထိုယောကျားမိတ်ဆွေဆိုသူများက အိမ်တိုင်လာရောက် ဆွေးနွေးတတ်ကြသည်။ အဲလက်စ် ထိုယောကျာ်းကိုလည်း အမေ့​၏ ယောကျာ်းမိတ်ဆွေများထဲမှ တစ်ယောက်ဖြစ်မည်ဟုပင် သတ်မှတ်လိုက်သည်။

အဲလက်စ် ထိုယောကျာ်းဧည့်သည်​၏ စကားသံကို ကြားလိုက်ရသည်နှင့် မနက်ထထချင်း မီးဖိုချောင်ဝင်ပြီး အမေပြင်ထားပေးသည့် မနက်စာကို အပီအပြင် ထိုင်စားရန် အတွေးစများကို ဖျောက်ပစ်လိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူ အပြင်ကိုထွက်မိပါက မပြီးဆုံးနိုင်သော အပြုံးတုတစ်ခုကို အချိန်ပြည့် တပ်ဆင်ပြီး ထိုယောကျာ်းဧည့်သည်​၏ မပြီးဆုံးနိုင်သော အသုံးမဝင်သည့် မေးခွန်းရှည်ကြီးများကို စိတ်ရှည်လက်ရှည်ဖြေပေးရတော့မည်ဖြစ်သောကြောင့်ပင်။ ဘဝမှာ ထိုမေးခွန်းများကို မည်သူတွေ ဘာအတွက်ကြောင့် တီထွင်ခဲ့ကြသည်လဲ အဲလက်စ်နားမလည်နိုင်ပါ။ အလာပသလာပ မေးခွန်းများသည် လေကုန်ခြင်းသာ အဖတ်တင်၍ ဘာမှ အကျိုးမရှိသော မေးခွန်းများ မဟုတ်ပါလား။

လူတစ်ယောက်ကို စတွေ့သည်နှင့် "ထမင်းစားပြီးပြီလား" ဟူသော မေခွန်းနှင့် စလျှင်စ၊ မစလျှင် "ဘယ်သွားဦးမလို့လဲ" ဟူသော မေးခွန်းနှင့် စမေးတတ်ကြသည်။ တစ်ဖက်လူကလည်း ထိုမေးခွန်းများ​​၏ အဖြေတို့သည် တစ်ဖက်လူအတွက် ဘာအကျိုးမှ မရှိ၊ တစ်ဖက်လူကလည်း သိချင်၍ စိတ်ရင်းဖြင့် မေးခြင်းမဟုတ်မှန်း သိနေစေကာမူ အပြုံးချိုချိုဖြင့် ပြန်လည် တုံ့ပြန်ကြရသည်။ တစ်ဖက်လူက မမေးပဲ ဒီအတိုင်း ဖြတ်လျှောက်သွားပါက ထိုသူ့ကို လူ့ပတ်ဝန်းကျင်က ယဉ်ကျေးမှုမရှိသောလူများစာရင်းထဲ ထည့်လိုက်ကြသည်။ တစ်ဖက်လူက ထိုမေးခွန်းများကို မဖြေပဲ ခေါင်းသာညိတ်ပြပြီး ဖြတ်လျှောက်သွားပါက ထိုလူ့ကို ပို၍ပြင်းထန်သော အရိုင်းအစိုင်းလူစာရင်းထဲ ထည့်လိုက်ကြပြန်သည်။ ထို စိတ်ရင်းမပါသော မေးခွန်းအမေးအဖြေနှင့် လူတစ်ယောက်​၏ အဆင့်အတန်းကို သတ်မှတ်လိုက်ကြသည်။ အဲလက်စ် ထိုအခြင်းအရာကို ယခုထိ မည်သို့တွေးတွေး အကျိုးအကြောင်းဆီလျော်အောင် မတွေးနိုင်ပါ။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now