Chapter : 25

4K 392 17
                                    

"ဒေါ်နန်းစည်ရဲ့ လူနာရှင်ရောက်ပြီလား မသိဘူး"

ဓူဝံ တစ်ယောက်တည်း ICU ခန်းရှေ့ ကော်ရစ်ဒါတွင်ရှိသော ခုံတန်းရှည်ပေါ်၌ အိပ်ချင်မူးတူးဖြင့် ထိုင်နေတုန်း သူနာပြုဆရာမတစ်ယောက်က သူ့ကို ခပ်လှမ်းလှမ်းကနေ အော်မေးသည်။

"မရောက်သေးဘူးဗျ"

"လူနာရဲ့ ပစ္စည်းတွေ ထုတ်လို့ရပြီနော်"

"ဘာပစ္စည်းလဲဗျ"

"မတော်တဆမှုကနေ ပါတဲ့ အဝတ်တွေ အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဝတ်လက်စားတွေပါ"

သူနာပြုက ပြန်ပြောသည်။

"လူနာရှင်ကတော့ လာရင် သူ့ကို ပြောလိုက်မယ်ဗျ"

သူ့စကားကိုကြားတော့ သူနာပြုမလေးက ခေါင်းညိတ်ပြကာ ပြန်ထွက်သွားလေသည်။

"စိတ်လျှော့စမ်းပါဟာ။ သူ အခု စိတ်နဲ့ ကိုယ်နဲ့ မကပ်မှန်း နင်လည်း သိနေတာပဲ"

ဓူဝံ အသံကြားသည်နှင့်လှည့်ကြည့်လိုက်တော့ ရှစ်ခေါက်ချိုးမျက်နှာနှင့် ကော်ရစ်ဒါတစ်လျှောက် လျှောက်လာသော မြတ်နိုးကို ဘေးမှ ဟန်လင်းက ပွစိပွစိပြောနေသည်ကို တွေ့ရသည်။

"ဓူဝံ စောင့်နေတာ ကြာသွားပြီလား။ လမ်းမှာ ကားပိတ်နေလို့ ကြာသွားတယ်"

ဓူဝံ ခေါင်းခါပြလိုက်ပါသည်။

"သောကကော"

"စားဖို့ မုန့်တစ်ခုခု ဝယ်မယ်ဆိုပြီး အပြင်ခဏ ထွက်သွားတယ်"

ဟန်လင်းက ခေါင်းညိတ်ရင်း သူ့ဘေးမှာ ဝင်ထိုင်သည်။ ဟန်လင်းဘေးမှာတော့ မြတ်နိုးက ဘာစကားမှ မပြောပဲ တိတ်ဆိတ်စွာ ဝင်ထိုင်လေသည်။

"ဒါနဲ့ နိုအယ် အခြေအနေ ဘယ်လိုလဲ"

ဓူဝံ ဟန်လင်းကို နိုအယ့်အခြေအနေ လှမ်းမေးလိုက်တော့ ဟန်လင်းက သူ့ကို ကြည့်ကာ ခေါင်းခါပြသည်။

"သူ့အခြေအနေက အရမ်းဆိုးဝါးနေတာ မဟုတ်ပေမဲ့ ထူးဆန်းနေတယ်။ ​ဆတ်ဆတ်ထိမခံပဲ။ ဒါနဲ့ ဆရာဝန်ကော ဘာပြောသေးလဲ"

"ဘာမှ မပြောသေးဘူး"

ပြောရင်းနဲ့ သောက မုန့်ထုပ်ဆွဲကာ ပြန်လာသည်ကို တွေ့ရသောကြောင့် ဓူဝံ ဟန်လင်းကို မေးငေါ့ပြလိုက်ပါသည်။ တစ်မနက်လုံး အိပ်ရေးမဝ၍ မျက်နှာ နွမ်းနေခဲ့သော သောကကလည်း ဟန်လင်းကိုတွေ့သည်နှင့် ချက်ချင်းပင် မျက်နှာက ၃၆၀ ဒီဂရီ ပြောင်းလဲသွားသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now