Chapter : 37

3.6K 310 4
                                    

သီအို မျက်လုံးကို မှိတ်ကာ သူ့လည်မျိုကို ဖြတ်သန်းသွားမည့် ဓားတစ်လက်အား စောင့်မျှော်နေမိသည်။ သို့သော် စက္ကန့်အနည်းငယ်ကြာသည်အထိ ဓားထိပ်က သူ့လည်မျိုထဲ စိုက်နစ်ဝင်မလာ။ သို့နှင့် သီအို မျက်လုံးကို ဖွင့်ကာ အခြေအနေကို စူးစမ်းကြည့်မိလိုက်သည်။

သူ့ရှေ့တွင် အဲလက်စ်က သူ့လည်မျိုကို ဓားနှင့်ရွယ်လျက် သူ့အားစိုက်ကြည့်နေသည်။ အဲလက်စ်​၏ ဓားကိုင်ထားသော လက်ကိုတော့ သူ့အမေက ဆွဲကိုင်ထားကာ ထိုဓားမြှောင်ထိပ် သီအို​၏ လည်ချောင်းထဲ စိုက်နစ်ဝင်မသွားရန် ရှိသမျှ အားသုံး၍ အဲလက်စ်​၏ အားအင်ကို တန်ပြန်တင်းခံသည်။ သီအို အမေ့ကို ကြည့်လိုက်တော့ အမေ့​၏ မျက်လုံးက ခုနကလို ဝမ်းနည်းအားငယ်နေသည့် မျက်လုံးများမဟုတ်တော့။ သူ​၏ သားဖြစ်သူကိုထိသောသူ မည်သူ့ကိုမဆို ကိုက်သတ်ပစ်ရန် အသင့်ဖြစ်နေသည့် ခြင်္သေ့မတစ်ကောင်​၏ မျက်လုံးများကဲ့သို့ စူးရှနေသည်ကို တွေ့ရလေသည်။ သီအို အမေနှင့် အဲလက်စ်တို့​၏ အားပြိုင်မှုအား မျက်တောင်မခတ် ငေးကြည့်မိပါသည်။

"ဒီအဖွားကြီးက သင်ခန်းစာမယူနိုင်သေးဘူးပဲ"

ပြောပြောဆိုဆို အဲလက်စ်က သီအို့ကို ချိန်ထားသော ဓားကို လွှတ်ချလိုက်ကာ ထိုလက်ဖြင့် အမေ​၏ လည်မျိုကို ဖမ်းချုပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အမေ​၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပစ်လိုက်လေသည်။

ထိုစဉ် လေထုထဲ၌ ပြင်းထန်သော လှိုင်းကြီး တစ်ခုဖြစ်ပေါ်သွားကာ လေးဖက်လေးတန် ကာရံသော လင်းစံအိမ်ကြီး​၏ အိုဟောင်းနေသည့် ကွန်ကရစ်တုံးတွေအား ပြင်းထန်သော လှိုင်းအားဖြင့် ရိုက်ခတ်လေတော့သည်။

"ဝုန်း"

ကမ္ဘာပျက်သကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်လု မြည်ဟီးသွားသည်။

"အမေ"

သီအို အသံကုန် ဟစ်အော်လိုက်သည်။ သူ ဟစ်အော်ရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ပါ။

အဲလက်စ်​၏ လက်ထဲ၌ အမေသည် မျက်ရည်များ တသွင်သွင်စီးကျလျက်ရှိပြီး သီအို့အား နူးညံ့မှုများ ပြည့်နှက်နေသော ရွှန်ရွှန်းစားစား အကြည့်ဖြင့် လှမ်းကာ စိုက်ကြည့်သည်။ အမေ့​၏ နှုတ်ခမ်းတွေမှာ သံဖြင့်ရိုက်ခံထားရ၍ မပြုံးနိုင်သော်ငြား အမေ့​၏ မျက်လုံးထဲတွင်တော့ နှုတ်ခမ်းက အပြုံးမမှီနိုင်အောင် အဆပေါင်း ထောင်သောင်းမကလှပသည့် အပြုံးမျိုးဖြင့် ထွန်းလင်းတောက်ပနေလေသည်​။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now