အဲလက်စ်က နိုအယ် သူ့ဆီ ပြေးလာတာကို မြင်တော့ လက်ဖြင့်မြှောက်ကာ ကိုင်ပေါက်ဖို့ပြင်လိုက်သည်။ သို့သော် သူ့လက်သည် ၄၅ ဒီဂရီထက်ပို၍ မမြှောက်နိုင်တော့ပေ။
"မင်း"
အဲလက်စ်က ဒေါသတကြီးဖြင့် အသံကုန် အော်ပစ်လိုက်ပါသည်။ ဓူဝံ အဲလက်စ်ကို မလှုပ်နိုင်အောင် ထိန်းထားသည့်အခိုက် နိုအယ် အဲလက်စ်၏ လက်ဖဝါးကို ဓားဖြင့် ထောင့်ဖြတ်အတိုင်း လှီးထည့်ပစ်လိုက်ပါသည်။
"အား"
ကြောက်မက်ဖွယ်ရာကောင်းသော အော်သံအဆုံး အဲလက်စ်ဆီမှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုက လွှင့်ထွက်လာသည်။ ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကြောင့် နိုအယ် လွှင့်ထွက်သွားကာ သူ့နောက်ကျောဘက်က နံရံနှင့် မိတ်ဆက်သွားရတော့သည်။ နိုအယ့်လက်ထဲမှ ဓားကလည်း ကြမ်းပြင်ပေါ်သို့ ကျသွားရလေတော့သည်။
ထိုစဉ် အဲလက်စ်က လက်ကို မြှောက်လိုက်ပြီး နိုအယ့်ကိုယ်ကို ထိန်းချုပ်ကာ မိုးပေါ်သို့ မြှောက်တင်လိုက်သည်။ ဤတစ်ခေါက်တွင်တော့ အဲလက်စ်က အခီန်မဆွဲတော့။ နိုအယ့် ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးသည်နှင့် နိုအယ့်တစ်ကိုယ်လုံးကို ကြေမွသွားစေရန် အားဖြင့် ညှစ်ပစ်လိုက်လေတော့သည်။
နိုအယ် နာလွန်း၍ အော်ပင်မအော်နိုင်။ မျက်ရည်များသာ ကျလာလျက် မျက်လုံးကို မှိတ်ပစ်မိလိုက်ပါသည်။
ထိုစဉ် သူ လေပေါ်မြှောက်နေရာမှ ဖုတ်ခနဲဆိုသလို ပြုတ်ကျလာရလေတော့သည်။
"ငါ့... ကိုယ်.. ထဲ.. က.. ထွက်.. စမ်း။ အဲလက်စ်လင်း"
ဓူဝံ၏ ထိုအော်သံအဆုံး အဲလက်စ်၏ ဝိဉာဉ်သည် ဓူဝံ၏ ကိုယ်မှ ထွက်၍ ကိုက်အနည်းငယ်သော အကွာအဝေးထိ လွှင့်ထွက်သွားလေတော့သည်။ ထို့နောက်တွင်တော့ ဓူဝံ၏ ကိုယ်မှာ အရုပ်ကြိုးပြတ် ကြမ်းပြင်ပေါ်သို့ လဲကျသွားရတော့သည်။ အဲလက်စ်က ကြောက်စရာကောင်းစွာ အော်ရယ်သည်။
"မင်းတို့ကို ငါလျှော့တွက်မိခဲ့တာပဲ"
အဲလက်စ်က ဒေါသတကြီး ရေရွတ်လိုက်ကာ ကြမ်းပြင်ပေါ် လဲကျနေသော ဓူဝံကို သူ့စွမ်းအင်ဖြင့် ချုပ်နှောင်၍ နောက်နံရံဆီသို့ တွန်းပို့လိုက်သည်။ အဲလက်စ်ကို နှင်ထုတ်ရာ၌ အားကုန်သုံးထားရပုံပေါ်သော ဓူဝံသည် အဲလက်စ်၏ စွမ်းအင်အောက် အသာအယာပင် ချုပ်နှောင်ခံလိုက်ရလေတော့သည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 2) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...