"တကယ်တော့ ငါသိတဲ့အချိန်က နည်းနည်းနောက်ကျနေခဲ့ပြီ။
ငါ ဒဏ်ရာကြောင့် မျောသွားတာ တစ်ရက်ကျော်တယ် နိုအယ်။ ငါ နိုးနိုးလာချင်းသိလိုက်ရတာက ဓူဝံ ထောင်ထဲ ရောက်သွားပြီဆိုတာပဲ။ ဓူဝံက ငါတို့ ဆေးရုံရောက်နေတဲ့အချိန်အတွင်း ရဲတွေဆီ ဖြောင့်ချက်ပေးပြီးလို့ ခံဝန်ချက်တောင် လက်မှတ်ထိုးခဲ့ပြီးပြီ။ ပုံမှန်ဆို ဒါမျိုး ကိစ္စတွေက ရက်အနည်းငယ် ကြာတတ်သေးတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ဆုံးသွားခဲ့တာက သောကလေ။ အဲ့ရဲစခန်းက စုံထောက်တစ်ယောက်ရဲ့ ညီလေး။
ကိုလွှမ်းမိုးကလည်း သူ့ညီသေသွားတဲ့အတွက် အကြီးအကျယ်ဒေါသူပုန်ထခဲ့တယ်။ ဒီတော့ ငါ့အထင် သူတို့ လုပ်ရိုးလုပ်စဉ် နည်းနည်းကို ဒီအတိုင်း လျစ်လျူရှုပြီး ကျော်ခဲ့တယ်ထင်တယ်။ ဆေးစစ်ချက်တွေ ဘာညာနဲ့ ကိုက်မကိုက်တောင် မစောင့်တော့ပဲ ဓူဝံရဲ့ ဖြောင့်ချက်တစ်ခုတည်းနဲ့ တရားရုံးကို တင်လိုက်တာပဲ။
အခုထိတော့ တရားရင်ဆိုင်နေတုန်း အခြေအနေပါ။ ပထမဆုံး တရားခွင်က နောက် ၇ ရက်နေမှ စမှာ။ အခုတော့ ငါ ဓူဝံအတွက် ငါတို့ မိသားစုရှေ့နေက တာဝန်ယူ ဦးဆောင်ပြီး လိုက်ပေးနေတယ်။ ဦးခင်မောင်မြင့်က ယုံရတဲ့ ရှေ့နေတစ်ယောက်ပါ။ လျှောက်လဲချက်တွေ လျှောက်တင်တဲ့အခါ အရမ်းပြတ်သားရှင်းလင်းအောင် လျှောက်တင်တတ်တဲ့အပြင် အရင်က တရားသူကြီးဖြစ်ဖူးတာကြောင့် အခုလက်ရှိတော်ရုံ ဂျူနီယာတန်းတရားသူကြီးတွေအပေါ် ဩဇာရှိတယ်လို့ဆိုရမယ်။
ငါ မလောက်မှာစိုးလို့ ဦးရဲကို နောက်ထပ် ရှေ့နေတွေ ရှာခိုင်းထားတယ်။ အခု ဓူဝံအမှုအတွက် သူတို့ စလုပ်နေကြပြီ"
သီအိုက နိုအယ့် ကုတင်ဘေးနားတွင်ထိုင်၍နိုအယ့်ကို အသေးစိတ်ပြောပြလိုက်သည်။ နိုအယ်က ခုနကတည်းကပင် အငိုတိတ်သွားခဲ့လေပြီ။ ခေါင်းအုံးကိုမှီပြီး ကုတင်ပေါ် တိတ်ဆိတ်စွာထိုင်ကာ သီအိုပြောပြသမျှ အာရုံစိုက်နားထောင်နေသည်။ သီအို့စကားကိုကြားတော့ အနည်းငယ်စိတ်အေးသွားပုံပေါ်ပေမဲ့ တစ်ရာရာခိုင်နှုန်း စိတ်ကျေနပ်သည့်ပုံ မပေါ်သေး။ သူ့စိတ်ထဲ တချို့အချက်တွေကို မရှင်းသေးသည့်ပုံ ပေါ်နေသေးလေသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 2) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...