Chapter : 1

31.4K 1.1K 34
                                    

တောင်စုမြို့လေးကို မည်းမှောင်နေသော တိမ်တိုက်ကြီးက အညိုးကြီးစွာ အုပ်မိုးနေကာ ထို တိမ်တိုက်ကြီးများမှတစ်ဆင့် ငွေ့ရည်ဖွဲ့လာသော မိုးရေစက်များကလည်း တောင်စုမြို့လေးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ရွာချနေပါသည်။ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ မိုးလေဝသသတင်းမှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျနိုင်ကြောင်း ကြေညာထားခဲ့သည်မို့ အခုရက်ပိုင်း ဆက်တိုက်ဆိုသလို မိုးရွာနေသည်မှာ မထူးဆန်း။

မုန်တိုင်းအဖျားခတ်ခံနေရသော တောင်စုမြို့လေးရဲ့ မြို့ပြင်ဘက် သာရရွာစွန်လေးက လင်းမိသားစုပိုင် စံအိမ်ကြီးကတော့ မိုးရေစက်တွေကြား ကြောက်မက်ဖွယ်ကောင်းစွာ ထီးထီးကြီး တည်ရှိနေသည်။

"ဂျောက်.. ဂျက်.. ဂျောက်.. ဂျက်.. တောင်"

ဧည့်ခန်းထဲက မတ်တပ်နာရီကြီးကတော့ ထုံးစံအတိုင်း မနက် ၄ နာရီဆိုသည်နှင့် အချက်ပေးသံမြည်နေကျ။
နဂိုကတည်းက မီးမှိန်မှိန်လေးသာ ထွန်းတတ်သော စံအိမ်ဟောင်းကြီးထဲ၌ မနက် ၄ နာရီ မှောင်နေဆဲအချိန်တွင် ကြောက်စရာကောင်းလောက်အောင် ဟိုတစ်ကွက် ဒီတစ်ကွက်သာ အလင်းတွေက ဖြာကျနေသည်။

တစ်အိမ်လုံး အိပ်နေကြချိန် တိတ်ဆိတ်နေသော အိမ်အပေါ်ထပ် ကော်ရစ်ဒါတစ်လျှောက် မိန်းမတစ်ယောက်က ညအိပ်ဝတ်ဂါဝန်အဖြူကို ဝတ်ကာ တရွေ့ရွေ့လျှောက်လာနေခဲ့သည်။ ထိုမိန်းမက သူ့ရဲ့ နက်မှောင်လှသော ဆံပင်ရှည်ကြီးကို ဖားလျားချ၍ တရှုံ့ရှုံ့ငိုကြွေးနေလေသည်။ သူမရဲ့ ငိုကြွေးသံက လင်းစံအိမ်တစ်ခုလုံး လေးတွဲ့စွာ တိုးတိုးတိတ်တိတ် ထွက်ပေါ်နေခဲ့သည်။

ထိုမိန်းမ၏ မျက်လုံးများမှာမူ နီရဲနေလျက် ပါးပေါ်ရှိ မျက်ရည်စီးကြောင်းများက မီးအိမ်တစ်ခုအောက်ကို ဖြတ်သွားတိုင်း သိသိသာသာ မြင်နေရသည်။ ထိုမိန်းမ၏ မျက်နှာကို ကြည့်ရသည်မှာ ကြောက်ရွံ့နေပုံပေါ်သည်။ အသံမထွက်အောင် တရှုံ့ရှုံ့ ငိုညည်းလျက် လမ်းလျှောက်သည်ကိုလည်း မလျှောက်ချင်သလိုလို လျှောက်ချင်သလိုလို လေးတွဲ့စွာ လျှောက်ရင်း ချထားသော လက်နှစ်ဖက်ကလည်း အကြောက်တရားကြောင့် တုန်ယင်နေသည်။ သို့သော် ထို ကြောက်ရွံ့နေပုံနှင့် ဆန့်ကျင်စွာ သူမရဲ့ နှုတ်ခမ်းထောင့်ကတော့ ပြုံးနေသယောင်ယောင်။ ကြောက်ရွံနေသော မျက်လုံးများထဲမှာ ရုတ်တရက် ကျေနပ်အားရနေသယောင်ယောင် အရိပ်များ ထွက်ပေါ်နေသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin