နိုအယ့်စကားအဆုံး ဓူဝံ့ရှေ့မှ အဲလက်စ်က ရုတ်တရက်ဆိုသလို လေထဲ ပျောက်သွားကာ တံခါးဝတွင် ရပ်နေသော နိုအယ် ခွေခနဲ လဲကျသွားသည်။
ဓူဝံ သိလိုက်သည်။ အခန်းထဲတွင် ပျံ့လွှင့်နေသော အဲလက်စ်၏ အငွေ့အသက်တွေက အခုထိ မပြယ်သေး။ သေချာပေါက် နိုအယ့်ကိုယ်ထဲ ဝင်သွားသည် ဖြစ်ရမည်။
အဖိုးဖိုးစိန်ကမူ အသက်အရွယ် အိုမင်းနေပြီဖြစ်သည့်အပြင် ခုနက ဖြစ်ပျက်သွားသော ကိစ္စကြောင့် မထနိုင်သေးပဲ နံရံတွင် လဲလျောင်းနေသည်။ ဓူဝံ ဘာကို အရင်စလုပ်ရမယ်မှန်းမသိ။ အဲလက်စ်ကို အစီအရင်တွေက တားနိုင်စွမ်းမရှိမှန်းသိသော်လည်း သူ နိုအယ့်ကိုထို အစီအရင်ထဲ ထည့်ထားရန်သာ တွေးလိုက်နိုင်လေသည်။
အဖိုးဖိုးစိန်ကလည်း သူ့အကြံကို သိပုံပေါ်သည်။ ချက်ချင်းပင် လူးလဲထကာ ခုနက ကြမ်းပြင်အက်၍ ပျက်သွားသော အစီအရင်ကို ကွက်လပ်တစ်ခုတွင် ထပ်၍ဆွဲသည်။ ဓူဝံကတော့ နိုအယ့်ဆီ ခပ်သွက်သွက်ပြေးသွားလိုက်ပြီး စွေ့ခနဲ ပွေ့လိုက်ကာ အဖိုးဖိုးစိန် ဆွဲထားသော အင်းကွက်ထဲ ထည့်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက် သူ့ရင်ခွင်ထဲမှာရှိနေသော နိုအယ်က ရုတ်ချည်း မျက်လုံးပွင့်လာကာ သူ့လက်ထဲမှ ရုန်းကာ ခုန်ဆင်းလိုက်ပြီး လက်ချက်ဝှေ့၍ ဓူဝံ့ကို တစ်ဖက်နံရံဆီသို့ ပစ်ပေါက်လိုက်လေသည်။
ထို့နောက် ရပ်နေသော အဖိုးဖိုးစိန်ဆီ လေအဟုန်ဖြင့် သွား၍ ခုနက သူမပြီးပြတ်ခဲ့သော အလုပ်ကို ဆက်လုပ်လိုက်သည်။ အဖိုးဖိုးစိန်၏ လည်ပင်းကို ဇွက်ခနဲ လိမ်ချိုးလိုက်လေသည်။
ဓူဝံ နံရံနှင့် ခေါင်း ပြင်းထန်စွာ ရိုက်မိလိုက်သောကြောင့် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသည်မှာ အသံပင် ထွက်၍မရ။ အဖိုးဖိုးစိန်၏ အသက်မဲ့သော ခန္ဓာကိုယ် ဒီအတိုင်း လှဲပြိုသွားသည်ကို ဝိုးတဝါးအမြင်မှ တစ်ဆင့် မြင်လိုက်ရသည်။ ဓူဝံ အော်ဟစ်လိုက်ချင်ပေမဲ့ သူ့တစ်ကိုယ်လုံး တစ်စုံတစ်ယောက်၏ ပြုစားမှုအောက် ရောက်နေသလိုပဲ တောင့်တင်းကာ ရင်ထဲက တက်လာသော အော်သံတို့ လည်မျိုဝတွင်ပင် ပျောက်ကွယ်သွားကြသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 2) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...