Chapter : 35

3.6K 301 3
                                    

သူ ကော်ရစ်ဒါအဆုံးသို့ ရောက်သော် အဲလက်စ်​၏ အခန်းရှေ့၌ ခြေစုံရပ်လိုက်သည်။ နိုအယ် သူ့ရင်ထဲမှ လက်ကျန် ကြောက်စိတ်တွေကို အသက်မှန်မှန်ရှုကာ ကြိုးစား ဖယ်ရှားလိုက်ပြီး အခန်းတံခါးလက်ကိုင်ကို လက်လှမ်းလိုက်သည်။ ထို့နောက် လက်ကိုင်ကို လှည့်လိုက်ကာ အခန်းတံခါးကို ဖွင့်လိုက်သည်။

အဲလက်စ်​၏ အခန်းထဲတွင်တော့ အိမ်​၏ တခြား အစိတ်အပိုင်းများနှင့်လုံးဝမတူ၊ မျက်နှာကျက်ပေါ်မှ တွဲလောင်းကျနေသော ဝါကျင့်ကျင့်မီးသီးက အခန်းတစ်ခုလုံးကို ထိန်လင်းနေအောင် အလင်းမပေးနိုင်သော်ငြား ခပ်မှိန်မှိန်လေး လင်းနေသည်။ နိုအယ် အခန်းထဲဝင်လိုက်သည်။ အခန်းထဲတွင်တော့ ပရိဘောဂများ အစုံအလင်ရှိနေကာ သူအိမ်မက်ထဲတွင် တွေ့ခဲ့သည် အဲလက်စ်ဖတ်လက်စ စာအုပ်ဖြစ်သော Franz Kafka ​၏ စာအုပ်ကိုပင် စားပွဲပေါ်၌ တင်ထားသည်ကိုတွေ့ရသည်။ နိုအယ် မီးအိမ်ကို ကိုင်မြှောက်လိုက်ကာ "သီအို" ဟု ခေါ်မိလိုက်ပါသည်။

ထိုအခိုက် အခန်းထောင့်တွင် သီအို​၏ အမေက တဖန်ပြန်ပေါ်လာကာ နိုအယ့်အား တစ်စုံတစ်ခုကို လက်ညိုးထိုးပြပြန်သည်။ နိုအယ် သီအို့အမေ လက်ညိုးထိုးပြသော နေရာသို့ လှမ်းကြည့်မိလိုက်သည်။

သီအို့အမေက နိုအယ့်ကို အဲလက်စ်​၏ ကုတင်အား ညွှန်ပြနေလေသည်။ နိုအယ် အဲလက်စ်​၏ ကုတင်ဆီကို လျှောက်သွားလိုက်ပါသည်။ ကုတင်ကတော့ နှစ်ပေါင်းများစွာ အသုံးမပြုထားသည့်အတိုင်းပင် ဖုန်ခပ်ပါးပါး ဖုံးလွှမ်းလျက်ရှိပြီး ကုတင်ပေါ်တွင်တော့ မည်သည့်အရာမှ ရှိမနေ။ သို့နှင့် နိုအယ် ကုတင်အောက်သို့ ငုံ့ကြည့်မိလိုက်သည်။

ကုတင်အောက်တွင်တော့ ထန်းခေါက်ဖာ တစ်ဗူးကိုတွေ့ရသည်။ နိုအယ် ထန်းခေါက်ဖာကို ဆွဲယူလိုက်ပါသည်။ ထို့နောက် ထန်းခေါက်ဖာကို ကုတင်ပေါ်တင်လိုက်ပြီး ဖွင့်လိုက်တော့ အထဲမှာ ဖောက်ထားသော စာအိတ်များကို တွေ့လိုက်ရလေသည်။ နိုအယ် ထိုစာအိတ်များထဲမှ ပန်းရောင် စာအိတ်တစ်ခုကို ဆွဲထုတ်လိုက်ကာ အထဲမှ စာရွက်ကို ထုတ်ယူ၍ ဖြန့်ကြည့်လိုက်သည်။ စာအရေးအသားအရ အဲလက်စ်​၏ အမေမှ ရေးထားပုံရသည်။ နိုအယ် ကုတင်စွန်းပေါ် ထိုင်လိုက်ကာ စာကို ဖတ်ကြည့်လိုက်ပါသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now