Chapter : 12

4.8K 482 14
                                    

"ရော့"

နိုအယ် တုန်ယင်စွာဖြင့်ပင် ဓူဝံလှမ်းပေးသော ရေခွက်ကို လှမ်းယူလိုက်သည်။ သူအခုထိ အကြောက်မပြေသေး။

ဓူဝံခေါ်သွားသော အပနှင်ဆရာဆီမှ ပြန်လာပြီးနောက် ရက်အတော်ကြာသည်အထိ နိုအယ် ညည အိမ်မက်ဆိုးတွေ မက်တာမျိုး ဆက်မဖြစ်ခဲ့။ အဲလက်စ်ကို သူ ရုတ်တရက်မြင်မြင်ရတာမျိုးလည်း ပျောက်သွားတာမို့ သူ့စိတ်ထဲ အကုန် အဆင်ပြေခဲ့ပြီဟု ထင်နေခဲ့မိတာ အမှန်ပင်။ သို့သော် လွန်ခဲ့တဲ့ တစ်ပတ်ကစပြီး အခြေအနေတွေက ပိုဆိုးလာခဲ့သည်။ သူ စပြီး မြင်ချင်တာတွေ မြင်လာသည်။ မြင်ချင်တာတွေ မြင်လာသည်ဆိုသည်ထက် အဲလက်စ် သူ့ကို မြင်စေချင်သော အနိဌာရုံ မြင်ကွင်းများကို သူစပြီး မြင်လာသည်။ စစချင်းတော့ အခန်းထဲ ကြွက်သေနေတာလောက်နှင့် စသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းနှင့် နိုအယ့် အိပ်ရာခြေရင်းမှာ ရှေးဟောင်းဝတ်စုံနှင့် သရဲမ တစ်ယောက် ပေါ်ပေါ်လာကာ သူ့မျက်နှာပေါ်က ပုပ်ရိနေသော အရေခွံတွေကို လက်နှင့် ဆုတ်ဖြဲပြသည်အထိ ပိုဆိုးလာပါသည်။

အဲလက်စ် အနေနှင့် နိုအယ့်ကို ဘယ်လောက် ဝင်စီးချင်ပါသည် ပြောပြော နိုအယ့်ဘက်က အဲလက်စ် သူ့နားမလာနိုင်အောင် တားဆီးထားသော အကာအရံတွေ ရှိနေသရွေ့ အဲလက်စ်တစ်ယောက် နိုအယ်ရဲ့ ဆံပင်ဖျားပင် ထိ၍မရပါ။ သို့သော်လည်း အဲလက်စ် နိုအယ့်ကိုယ်ထဲ ရောက်တုန်းက ကျန်ခဲ့သော အဲလက်စ်ရဲ့ စိတ်ဝိဉာဉ် အပိုင်းအစလေးကို အစမကျန်စေအောင်ဆိုပြီး နိုအယ် ဆွဲထုတ်ပစ်၍မရ။

အခုချိန်ထိတော့ နိုအယ်နှင့် အဲလက်စ်ကြားက တိုက်ပွဲသည် ဘယ်သူက အလေးသာသည် လျှော့သည် မရှိသေးပေမဲ့ ဒီလိုမျိုးသာ ဆက်သွားလျှင် နိုအယ် ရှုံးနိမ့်ဖို့က သေချာပါသည်။

"မင်းကို သီအို့နားမှာပဲ နေလို့ ငါပြောတယ်မလား"

ဓူဝံက နိုအယ့်ဘေးနား ဝင်ထိုင်ရင်းပြောသည်။

"နိုအယ်.. မင်းအခု မြင်ချင်ရာမြင်နေတာ။ မင်းဘေးနားမှာ အချိန်ပြည့် လူတစ်ယောက်ရှိနေမှကို ရမှာ။

မဟုတ်ရင် မင်း ဘာတွေ လုပ်မိမလဲဆိုတာ ဘယ်သူမှ မသိဘူး"

"ငါ သူ့နားနေရင် သူ ငါ့အခြေအနေကို ရိပ်မိသွားလိမ့်မယ်။ ငါသူ့ကို ဒီအကြောင်းတွေ မပြောပြချင်သေးဘူး"

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now