Chapter : 27

3.8K 395 25
                                    

11.2.2008

တစ်ညလုံး မရပ်မနား မိုးများရွာသွန်းထားသော ကောင်းကင်ကြီးသည် ယခုကျတော့ သူမဟုတ်သည့်အတိုင်းပင် ပြာလွင်နေသည်။ ရွေ့လျားနေသော တိမ်တိုက် တိမ်စိုင်ခဲလေး တစ်ခုမျှတောင်မရှိ။ တစ်လောကလုံးကလည်း မိုးရေများဖြင့် အညစ်အကြေးများကို ဆေးကြောခံလိုက်ရသကဲ့သို့ ကြည်လင်နေသည်။ သစ်ပင်ပေါ်မှ ကျေးငှက်တချို့က တစ်ညလုံး အသိုက်ထဲ အောင်းကာ မိုးထန်နေသော ညကို ကျော်ဖြတ်ပြီးနောက် အသိုက်မှ သူသူငှာငှာ ပြူထွက်လာကြပြီး တေးသီချင်းများကို သံစုံတီးဝိုင်းတစ်ဝိုင်းလို ပြိုင်တူ အော်ဆိုကြသည်​။

အဲလက်စ် တစ်ညလုံးပြေးလာရ၍ ခြေထောက်များက သေမတတ်ပင် ညောင်းကိုက်ကာ နာနေသည်။ သူ မတ်တပ်ရပ်ဖို့ပင် တစ်ကိုယ်လုံးမှ အားအင်များကို ကြိုးစားညှစ်ထုတ်နေရသည်။ သို့သော် သူ အားလျှော့လိုက်၍မဖြစ်။ အမေ သူ့ကို စောင့်မျှော်နေသည်ဟူသော အတွေးက သူ့အား ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်း ဆက်သွားရန် တွန်းပို့နေသည်​။

ပြတင်းပေါက်နံဘေးမှ သူ့အလာကို စောင့်မျှော်နေသော အမေ့ပုံကို သူပုံဖော်နေမိသည်။ သုံးလကြာ ဘရိမ်းကျူမာရောဂါ ခံစားထားရသော အမေ့မျက်နှာမှာ အရင်ကလို ကြည်ဝင်းတောက်ပခြင်းမရှိတော့။ အသားအရည်တွေ မွဲခြောက်ကာ ရောဂါဒဏ်ကြောင့် မျက်ကွင်းတွေ ညိုနေသည်။ အစားအသောက်လည်း ကောင်းကောင်းမဝင်သဖြင့် ပါးရိုးများက အထင်းသားပေါ်နေကာ မျက်တွင်းဟောက်ပက်ဖြစ်နေသည်။ နှုတ်ခမ်းတွေမှာ ယခင်ကလို ပန်းရောင်သန်း၍ စိုပြည်နေခြင်းမရှိ။ ခြောက်သွေ့၍ နှုတ်ခမ်းအရေခွံများက ကွာကျနေသည်​။ သို့သော် အမေ အရှုံးမပေးပဲ နေ့စဉ်ဆက်တိုက် ထိုပြတင်းပေါက်ဘေးမှ မရွေ့ပဲ သူ့အလာကို မျှော်နေခဲ့သည်။ တစ်ရက်ပြီး တစ်ရက်။ တစ်ရက်ပြီး တစ်ရက်။ ရက်ပေါင်း တစ်ရာနီးပါး အမေ သူ့ကို စောင့်မျှော်နေသည်။ ဆရာဝန်များက အမေ့ကို အအေးမိမည်စိုး၍ အထဲဝင်ခိုင်းကြသည်။ အမေက မဝင်ခဲ့။ ခေါင်းမာမာနှင့်ပဲ သူ့ကို ဆက်စောင့်သည်။

အဲလက်စ် အမေ့ဆီ ရောက်မှ ဖြစ်မည်။ အမေ သူ့ကို တွေ့သောအခါ သူ့ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိမ့်မည်။ သူ့ကို တောင်းပန်စကားတွေ တတွတ်တွတ်ဆိုလိမ့်မည်။ နှစ်ယောက်လုံး မျက်ရည်တွေ ပေါက်ပေါက်ကျလိမ့်မည်။ သူ အမေ့ကို ခွင့်လွှတ်ကြောင်း ပြောမည်။ သူ အမေ့ဘေးနားနေမည်။ အမေနားကမခွာတော့။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now