အဲလက်စ် ဤနေရာကို ရင်းရင်းနှီးနှီး သိနေပါသည်။ လေးဖက်လေးတန် ကွန်ကရစ်ထူကြီးများဖြင့် ကာရံထားကာ ပြတင်းပေါက်မရှိ၊ အလုံပိတ်လျက် အပူချိန်မှာ သာမန် အခန်းအပူချိန်ထက် အများကြီး ယုတ်လျော့နေပြီး အလင်းအမှောင်မှာမူ အခန်းအလယ်၌ ခပ်မှိန်မှိန်သာ ထွန်းလင်းနေသည့် မီးသီးတစ်လုံးသာရှိသည်။ ဤနေရာသည် သူ့အမေ၏ အလောင်းကို နောက်ဆုံးအကြိမ်အဖြစ် သူတွေ့ခဲ့ရသည့် နေရာပင်ဖြစ်လေသည်။
အဲလက်စ် ဘာကြောင့်ဤနေရာသို့ ရောက်နေသည်လဲတော့မသိ။ သူ အခန်းမှ ထွက်ရန်ကြိုးစားလိုက်ပေမဲ့ သူ့ခန္ဓာကိုယ်က ထိုအခန်းအလယ်၌ ရပ်မြဲ ရပ်နေသည်။ တစ်ခဏကြာတော့မှ အဲလက်စ်၏ခန္ဓာကိုယ်သည် သူ့အလိုအလျောက် ရွေ့လျားသွားကာ အခန်းပြင်သို့ တရွေ့ရွေ့ ထွက်ခွာသွားလေတော့သည်။
အဲလက်စ် သူ့ပါးပြင်ပေါ်မှ နွေးထွေးသော စိုစွတ်မှုတချို့ကို ခံစားလိုက်ရသည်မို့ သူ့လက်ဖဝါးနှင့် ပါးပြင်ကို သုတ်လိုက်မိပါသည်။ ထိုအခါ မိုးရေကဲ့သို့သော အရည်ကြည်တချို့က သူ့လက်ဖဝါး၌ ကပ်ကာ ပါလာသည်။
သူငိုနေတာလား။
အဲလက်စ် နားမလည်နိုင်စွာဖြင့် လက်ဖဝါး၌ ကပ်ကျန်နေခဲ့သော မျက်ရည်များကို ကြည့်ရင်းတွေးလိုက်သည်။ သူရပ်မနေတော့ပဲ ကော်ရစ်ဒါ၏ ဘယ်ဘက်ကို ချိုးကာ ထွက်လာခဲ့မိသည်။ ထိုအခိုက် သူ့ခြေထောက်မှ ပြင်းထန်သော ဝေဒနာတချို့ကို ခံစားလိုက်ရလေသည်။ ခြေဖဝါးတစ်ခုလုံးက ထုထောင်းဒဏ်ရာ ရထားသလို နာကျင်နေပြီး ခြေသလုံးတွေက တောင့်တင်းကာ နာကျင်နေသည်။ ခြေထောက်အစုံမှာ နာရီပေါင်းများစွာ မာရသွန်ပြေးထားသည့် အပြေးသမား၏ ခြေထောက်တစ်စုံကဲ့သို့ ညောင်းညာကိုက်ခဲနေသည်။
အဲလက်စ် ထို နာကျင်နေသော ခြေထောက်ကို အားအကုန်သုံး၍ တရွတ်တိုက်ဆွဲကာ ဆေးရုံဒုတိယထပ်မှ မြေညီထပ်သို့ ဆင်းလာခဲ့သည်။ ဆေးရုံအောက်သို့ ရောက်သောအခါ ကောင်တာမှ သူနာပြုမလေးက သူ့ကို ထူးဆန်းသော မျက်လုံးဖြင့် စိုက်ကြည့်လေသည်။ အဲလက်စ် ထိုသူနာပြုမလေးကို ဂရုမစိုက်ပဲ ဆေးရုံတံခါးဝသို့သာ ဦးတည်လိုက်ပါသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 2) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...