Chapter : 15

4.5K 460 8
                                    

မတ်လကုန်တော့မည်ဖြစ်ပေမဲ့ တောင်စုမြို့လေးကတော့ ထုံစံအတိုင်း မိုးတွေက အုံ့ဆိုင်းနေတုန်းပင်။

အရင်တစ်နေ့ကတော့ ရခိုင်မှာ မုန်တိုင်းရှိသည်ဟူသော သတင်းတော့ ကြားလိုက်ပါသေးသည်။ သို့သော် မည်သို့သော မုန်တိုင်းမို့ ရခိုင်နှင့် အလှမ်းဝေးလှသော ရှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မှာရှိသည့် တောင်စုမြို့လေးအထိ မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းနေရလည်း သူမသိ။ မုန်တိုင်းနှင့် မဆိုင်၊ သူ့ဘာသူ မိုးတွေ အုံ့နေတာလည်း ဖြစ်နိုင်သည်ပဲ။

ကားပေါ်ကဆင်းလိုက်သည်နှင့် သူပထမဆုံးတွေ့ရသည်က ကြီးကျယ်ခမ်းနားသလောက် အရောင်အဝါကင်းမဲ့နေသော ကျောချမ်းဖွယ်ကောင်းလှသည့် အိမ်ကြီးတစ်အိမ်ပင်။ ထိုအိမ်ကို ကြည့်ရသည်မှာ ဂေါတစ်ဗိသုကာ လက်ရာနှင့် ဆောက်လုပ်ထားသော အိမ်တစ်အိမ်နှင့် တူသော်ငြား ဤအိမ်​၏ ဂေါတစ်ဗိသုကာလက်ရာမှာ ဗစ်တိုးရီးယန်းခေတ်က ဂေါတစ်လက်ရာကဲ့သို့ ကြီးကျယ်ခမ်းနားမနေ။ ကိုလိုနီခေတ် ဗိသုကာလက်ရာနှင့် ဂေါတစ်လက်ရာတို့ ပေါင်းစပ်ပြီး မွေးဖွားလာသော မျိုးစပ်ဗိသုကာလက်ရာတစ်ရပ်နှင့်ပိုတူသည်။

ဓူဝံ ကားပေါ်က ဆင်းဆင်းချင်း မနှစ်မြို့ဖွယ် ထိုအိမ်ကြီးကို မျက်မှောင်ကြုတ်၍ ကြည့်မိသည်။ အိမ်ကို တည်ဆောက်ထားသော မြေနေရာမှာလည်း အချိုးမကျလှ။ အိမ်ကြီးနှင့် သိပ်မနီးမဝေး လယ်ကွင်း တစ်ဧက နှစ်ဧကလောက် အကွာအဝေးတွင် သင်္ချိုင်းကုန်း တစ်ကုန်းရှိသည်ကို လမ်းတွင် တွေ့ခဲ့ရသေးသည်။ ဤအိမ်ကို တည်ထားသော မြေသည် သင်္ချိုင်းနှင့် နီးသည့်အပြင် တောစပ်တွင် တည်ရှိနေ၍ နေရောင်လည်း ကောင်းကောင်းမရ။ နေရောင် ကောင်းကောင်းမရဟုဆိုရာ၌ နေရောင်လုံးဝ မရသော မဲဇာတောနက်ကြီးအလယ်ပမာဏကို ဆိုလိုသည်မဟုတ်ပါ။ နေရောင်မှ ဖြာကျလာသော အနွေးဓာတ်တို့ကို လုံလုံလောက်လောက်မရခြင်းကိုသာ ဆိုလိုပါသည်​။

နေရောင်သည် သန့်စင်သည်။ နွေးထွေးသည်​။ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးတတ်သည်။ အယုတ်အညံ့တွေကို ပယ်ဖျောက်ပေးနိုင်သော အစွမ်းရှိသည်။ ထိုသို့သော နေရောင်ခြည်ကို လုံလုံလောက်လောက်မရသော ဤအိမ်ကြီးမှာ ကြည့်လိုက်သည်နှင့် ကျက်သရေမရှိသော အိမ်ကြီးသဖွယ် ဖြစ်နေသည်မှာ မထူးဆန်းပေ။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now