မျက်ခွံပေါ်ဖြာကျလာသော နေရောင်ခပ်စူးစူးကြောင့် နိုအယ် တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်ရန်ကြိုးစားမိလိုက်သည်။ သို့သော် နေရောင်ဖြာကျထားသော အိပ်ယာခင်းမှာ ဆက်အိပ်၍မရအောင်ကို ပူနွေးနေသည်မို့ နိုအယ် ဆက်မအိပ်နိုင်တော့ပဲ မျက်လုံးကို ကြိုးစား၍ ဖွင့်လိုက်ပါသည်။ သို့သော် သူ့မျက်လုံးက လွယ်လွယ်နှင့်ဖွင့်မရ၊ ဖွင့်ရန် ကြိုးစားလိုက်တိုင်း စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။ အိပ်ရေးအဝလွန်သွား၍များ ဖြစ်လေမလား။ ဒါမှ မဟုတ် အခန်းထဲ ဖြာကျနေသည့် နေရောင်ခြည်က မနက်ခင်းပိုင်းတွင် ဖြာဆင်းတတ်သည့် ခပ်နုနု နေရောင်မဟုတ်တော့ပဲ မွန်းတည့်ချိန်ဖြာဆင်းတတ်သည့် ခပ်စူးစူးနေရောင်ခြည်များဖြစ်နေ၍များလားတော့မသိ။ နိုအယ် မျက်လုံးတစ်ဝိုက် စပ်ဖျဉ်းဖျဉ်းနေသည်ကို ခံစားရသော်ငြား မျက်လုံးကို ကြိုးစား၍ဖွင့်လိုက်၊ မရလျှင် ခဏလောက် ပြန်မှိတ်လိုက်နှင့် မျက်လုံးကို အသားကျသွားအောင် လုပ်ယူနေမိသည်။ တစ်ခဏအကြာမှသာ သူ့မျက်လုံးက အလင်းနှသ့် အသားကျသွားပြီး ကောင်းကောင်းဖွင့်၍ ရသွားလေသည်။
သူ့အိပ်ရာပေါ်ရောက်သည်အထိ ဖြာကျနေသော နေရောင်ကို ကြည့်ပုံထောက် သေချာပေါက် မနက် ၁၀ နာရီကျော်လောက်လေပြီ။ နိုအယ် စိတ်ထဲကတွေးရင်းနှင့်ပင် အိပ်ရာဘေးရှိ စားပွဲပေါ်တွင်ထောင်ထားသော စားပွဲတင်နာရီကို ဆွဲကာ ကြည့်လိုက်မိသည်။
၁၀ နာရီ ၇ မိနစ်။
နိုအယ့်ခေါင်းထဲ အနည်းငယ် ငြီးစီးစီးဖြစ်နေပေမဲ့ နှစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကောင်းကောင်းမွန်မွန် အိပ်လိုက်ရလို့လားတော့မသိ၊ ခန္ဓာကိုယ်က တော်တော် လန်းဆန်းနေသည်။ နေရောင်၏ပယောဂဖြင့် ပူကျပ်နေသောအိပ်ရာပေါ်မှ နိုအယ် ခပ်သွက်သွက်ထလိုက်ကာ အိပ်ရာကို ပြင်ခေါက်လိုက်လေသည်။ သီအို လိုက်ကာတွေ အကုန်ဆွဲဖွင့်သွား၍လားမသိ၊ အခန်းထဲ၌ လေအေးစက် ဖွင့်ထားသော်လည်း လေထုမှာ တော်တော်နွေးနေသည်။
နိုအယ် အိပ်ရာပြင်ပြီးမှ အိပ်ခန်းအပြင်ဘက်သို့ထွက်လာခဲ့သည်။ သူ အပြင်ထွက်လာတော့ သီအိုက ဆိုဖာပေါ်တွင် ကျကျနနထိုင်ကာ ကော်ဖီခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း ကျန်လက်တစ်ဖက်ဖြင့် စာအုပ်တစ်အုပ်ကို ခေါက်ကိုင်လျက် စိတ်ဝင်တစားဖတ်နေသည်ကိုတွေ့ရသည်။ မနေ့က အင်္ကျီ ဘောင်းဘီကို ဝတ်ထားသေးပုံထောက် ကြည့်ရတာ အိမ်မပြန်ရသေးပုံပင်။ သို့သော် ထိုအိပ်ရာဝင်ထားသော အဝတ်အစားတွေနှင့်ပင် သီအိုရဲ့ ပုံစံကိုက Charisma အပြည့်ရှိနေတာကိုတော့ တကယ်ငြင်းမရပေ။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 2) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...