Chapter : 4

7.3K 661 28
                                    

"ဟန်လင်း အာလူးတွေက သီလို့ပြီးပြီလား"

မြတ်နိုးက ဧည့်ခန်းထဲရှိ စားပွဲဝိုင်းဘေးထိုင်ကာ ပြုတ်ထားသော အာလူးပေါက်စတွေကို အခွံခွာ၍ ထိုင်သီနေသော ဟန်လင်းအား မီးဖိုချောင်ထဲမှ လှမ်းအော်ကာမေးသည်။

"သီစရာ နည်းနည်းကျန်သေးတယ်"

"သီပြီးရင် ငါ့ကို စတိုးဆိုင်သွားပြီး ခရုဆီတစ်ပုလင်းလောက် ဝယ်ပေးဦး။ နိုအယ့်ဆီက ခရုဆီက ဖင်ကပ်ပဲ ကျန်တယ်"

"ငါသွားလိုက်မယ်။ ငါ ငရုတ်သီးထောင်းတာ ပြီးပြီ"

နိုအယ် ထောင်းပြီသွားသော ငရုတ်သီးတွေကို ပန်းကြန်ပြားထဲ ဇွန်းဖြင့် ကော်ထည့်လိုက်ကာ မြတ်နိုးအား ပြောလိုက်သည်။ ထို့နောက် ထိုင်နေရာမှ ထကာ ဘေစင်တွင် လက်ကို သေချာလေး ဆေးလိုက်ပြီး ဧည့်ခန်းထဲသို့ထွက်လိုက်ကာ ဆိုဖာပေါ်တင်ထားသော ဂျာကင်ကို ဆွဲယူလိုက်သည်။

"ဒါနဲ့ ကိုသီအိုတို့က မလာကြသေးဘူးလား"

"ခုနက ဖုန်းဆက်တော့ သောကကို သွားကြိုနေတယ်လို့ ပြောတာပဲ"

​မြတ်နိုးမေးခွန်းကို ဖြေရင်း နိုအယ် ဂျာကင်ကို ဝတ်လိုက်သည်။ ထို့နောက် ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲထည့်ကာ ဖုန်းကို ယူ၍ အပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်လေသည်။

"ငါ စတိုးဆိုင် သွားတော့မယ်နော်။ လိုတာက ခရုဆီပဲလား"

"ခဏနေဦး။ ဘီယာတွေလောက်မလား ကြည့်လိုက်ဦးမယ်"

မြတ်နိုးက ပြောပြောဆိုဆို ရေခဲသေတ္တာကို ဖွင့်၍ ခုနကမှ ဝယ်ထားသော ဘီယာဗူးတွေကို ပြန်ရေတွက်ကြည့်လေသည်။

"နည်းနေတယ်လို့တော့ မဟုတ်ပေမဲ့ လောက်ပါ့မလား။ ကိုသောကက ဘီယာဘဲကြီးဆို"

"နောက် ငါးဗူးလောက် ထပ်ဝယ်လိုက်မယ်လေ။ တခြားကော"

"ဒါပဲ။ ဪ... အပ်မှိုတွေ့ရင် တစ်ထုတ်လောက် ဝယ်ခဲ့လိုက်ဦး"

"ဟုတ်ပြီ။ ဒါဆို ငါသွားပြီ"

ထပ်မေးနေလျှင် ဝယ်ရမယ့် ပစ္စည်းတွေ ထပ်တိုးနေမည်စိုးသည်နှင့် နိုအယ် ခပ်မြန်မြန်ပင် အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။ ထိုစဉ် သူ့အခန်းမှ ထွက်လာသော ဓူဝံနှင့် ကွက်တိပင် ဝင်တိုးလေသည်။ ဓူဝံက သူ့ကို လှမ်းတွေ့တော့ တစ်ခဏမျှ ဘာစကားမှ မပြောပဲ စိုက်ကြည့်နေသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now