Chapter : 14

4.6K 446 8
                                    

ဓူဝံ တံခါးဖွင့်လိုက်တော့ သီအိုလင်းက သူ့တံခါးရှေ့တွင် တစ်စုံတစ်ခုကို အရေးတကြီးဖြစ်နေသော မျက်နှာထားဖြင့် ရပ်နေသည်ကို တွေ့ရသည်။

"နိုအယ် ခုနက အဲလက်စ်ရဲ့ ဝင်ပူးတာကို ခံခဲ့ရတယ်"

သီအိုလင်းက သူ့ကို စိုက်ကြည့်လျက် အတက်အကျမရှိသော စို့နင့်ကွဲအက်နေသော လေသံဖြင့် သူ့အား ပြောလေသည်။

ဓူဝံ ထိုစကားကိုကြားတော့ သူ့တစ်ကိုယ်လုံးက သွေးကြောလေးတွေ ဖောင်း၍ ပေါက်ကွဲထွက်သွားသကဲ့သို့သော ခံစားချက်ကို ခံစားလိုက်ရပါသည်။

"နိုအယ် အခု ဘယ်မှာလဲ"

သူ စိုးရိမ်တကြီးဖြင့် သီအိုလင်းအားမေးလိုက်သည်။ သူ့အသံနည်းနည်း ကျယ်သွားပုံပေါက်၍ထင်သည်။ ခုနက တစ်စုံတစ်ရာတွင် စိတ်မျောနေဟန်ရှိသော သီအိုလင်း​၏ မျက်လုံးအကြည့်တွေက အခုမှ ပစ္စုပ္ပန်ကို လိုက်မှီလာဟန် ပြန်လည် အသိဝင်လာလေသည်။

"အခုတော့ နားနေတယ်"

"ငါမင်းကို သူ့ဘေးနားက မခွာဖို့ ပြောထားတယ်မဟုတ်ဘူးလား"

ဓူဝံ ဒေါသအငွေ့အသက်စွက်နေသော လေသံဖြင့် သီအို့အား ခပ်အုပ်အုပ် လှမ်းပြောလိုက်ပါသည်။

"မင်းခေတ်ဓူဝံ.. မင်း အဲလက်စ်ကိစ္စ ဘယ်လောက်ထိ သိထားလဲ။

ငါ့ကို မင်းသိထားသလောက်ပြောပြ"

သီအိုလင်းက သူ့အား မျက်တောင်မခတ် စိုက်ကြည့်လျက် ဆိုပါသည်။ ထိုစကားကိုကြားတော့ ဓူဝံ အသံထွက်ရုံမျှ လှောင်ရယ်ရယ်လိုက်မိသည်။

"သူက မင်းအစ်ကိုမဟုတ်ဘူးလား​။ ဘာလို့ အဲလက်စ်အကြောင်း ငါ့ကို လာမေးနေတာလဲ"

"ဘာလို့လဲဆိုတော့ ငါ အဲလက်စ်အကြောင်း ဘာမှ မသိလို့ပဲ"

သီအိုလင်း​၏ မျက်နှာက နဂို တည်နေသည်ထက် ပို၍ တည်သွားသည်။ ဓူဝံ သီအိုကိုကြည့်ရင်း ပြောမည်ကြံထားသော အရွဲ့တိုက်စကားများကို ပြန်မျိုချလျက် သက်ပြင်းချလိုက်သည်။

"အထဲဝင်"

ဓူဝံ အခန်းတံခါးဝတွင် ပိတ်ရပ်နေရာမှ သီအို အခန်းထဲ ဝင်နိုင်ရန် ခန္ဓာကိုယ်ကို ဘေးကပ်ကာ ရပ်ပေးလိုက်သည်။ သီအိုလင်းက ဘာစကားမှမဆို ဆိတ်ငြိမ်စွာပင် အခန်းထဲသို့ဝင်လာသည်။ ထို့နောက် သူ​၏ ဖိတ်ခေါ်မှုကိုပင်မစောင့်၊ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် အတိုင်းသား ထိုင်ချလိုက်လေသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now