Chapter : 22

3.6K 299 0
                                    

"ရတယ် အမေ။ သား အထုပ်အပိုးတွေ သယ်လာလိုက်မယ်"

နိုအယ် အထုတ်အပိုးတွေ တက္ကစီပေါ်မှ ချလိုက်ရင်း နေသူမဲ့နေသော သူ​၏ ငယ်ဘဝ အိမ်ကြီးကို မော့ကြည့်လိုက်မိသည်။ အိမ်ကြီးကတော့ နောက်ဆုံးတစ်ခေါက် သူရောက်ခဲ့တုန်းကအတိုင်းပင် ဘာဆိုဘာမှ မပြောင်းလဲ။
အမေ့မှာ တစ်နေကုန် မြို့ပတ်ပြီး သူ့ ရှယ်ယာရှင်တွေ မိတ်ဆွေတွေ ဖောက်သည်တွေကို လိုက်နှုတ်ဆက်၊ အလုပ်အကြောင်း တိုင်ပင်ဆွေးနွေးရင်း ညနေမှပင် အိမ်ပြန်ရောက်သည်။ ကြည့်ရတာ သုံးရက်ပဲ အချိန်ရ၍ထင်ပါသည်။ အမေ့မှာ စက်ရုပ်တစ်ရု​ပ်ကဲ့သို့ပင်။ အလုပ်တစ်ခုပြီးလျှင် နောက်တစ်ခု ဆက်တိုက်ကို ကူးရသည်​။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် နိုအယ့် တိုက်ခန်းမှာပဲ အမေနေလည်း ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် ရက်ရှည်နေမည်လည်းမဟုတ်။ သုံးရက်သာနေမည်မဟုတ်ပါလား။

​နိုအယ့်တိုက်ခန်းက လူနေနေကျ နေရာဖြစ်သဖြင့် ဘာမှ ထွေထွေထူးထူး ပြင်ဆင်နေရန်မလို။ သန့်ရှင်းရေးလုပ်စရာလည်းမလိုသလို၊ စားဖို့သောက်ဖို့နှင့် လိုအပ်သည့်ပစ္စည်းများကို ပိုက်ဆံအကုန်ခံ၍ ထပ်ဝယ်စရာလည်း မလိုပေ။

သို့သော် အမေပြန်လာတိုင်း ဤအိမ်ကိုပဲ ပြန်လာတတ်သည်။ သူ မေးတော့ အမေက "လူဆိုတာ အမြဲတမ်း သူပြန်လာရမယ့် အိမ်ရှိရတယ်။ အမှတ်တရတွေနဲ့ ပြည့်နေတဲ့ အိမ်တစ်ခုဆိုတာ ဘာနဲ့မှ အဖိုးမဖြတ်နိုင်ဘူး" ဟုဆိုလေသည်။ နိုအယ်ကတော့ အမေ အိမ်ကိုပဲ မရရအောင် အမြဲပြန်တတ်တာ အဖေ့ကိုသတိရလို့ဟု ထင်ပါသည်။

ယောကျာ်းဆုံးပြီးကတည်းက နိုင်ငံခြားမှာပဲ အနေများခဲ့ရတော့ ဇာတိမြေလေး တစ်ခဏ ပြန်လာရင် အမှတ်တရတွေ အပြည့်ရှိတဲ့ နေရာလေးကိုပဲ ပြန်ချင်ကြသည်မှာ မထူးဆန်း။ နိုအယ်ကတော့ တတ်နိုင်သမျှ အိမ်ကို ရှောင်ခဲ့ဖူးသည်။ သူ့အတွက်ကတော့ ဒီအိမ်ကြီးက အဖေနဲ့ အမေနဲ့ သား မိသားစု သုံးယောက်တူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ဖူးသည့် အိမ်ကြီးမဟုတ်ပါ။ သူသိတတ်စ အရွယ်မှာတင် အဖေဆုံး၍ သူ့ငယ်ဘဝတစ်ခုလုံး အမေက အပြင်ထွက် အလုပ်လုပ်နေခဲ့ရသည်။ ညစာဆိုရင်လည်း အမေပြန်မလာသော ရက်တွေဆို မီးဖိုဘေး ထိုင်ခုံပုလေးဆင့်ကာ ကိုယ့်ဘာသာ ခေါက်ဆွဲပြုတ်စားခဲ့ရပါသည်​။ သရဲတွေ မြင်ရသော သူ့အဖို့ တစ်ယောက်တည်းနေရတာ မလွယ်ကူသော်ငြား တစ်နေကုန် အလုပ်လုပ် ပင်ပန်းလာသော အမေ့ကို ဂျီကျဖို့ထိတော့ သူမျက်နှာမပြောင်နိုင်ခဲ့။ သူ့အတွက်တော့ အိမ်ကြီး​၏ အစိတ်အပိုင်းက အထီးကျန်စရာ အမှတ်တရတွေနှင့် ပြည့်နှက်နေခဲ့သည်​။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now