He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(91)
လက်နှစ်ဖက်ကိုပူး၍ လက်ထိပ်ခတ်ထားသော်လည်း 9က ရသည့်နည်းဖြင့် ရသလိုသောင်းကြမ်းနေသောကြောင့် ထိုင်ခုံမှလက်ကိုင်နှင့်တွဲကာ လက်ကိုပြောင်းချုပ်ထားရသည် ။ လက်ကလှုပ်၍မရသောကြောင့် ခြေထောက်နှင့် မှီသမျှကိုလှမ်းကမ်းသည် ။ ဆရာဝန်တစ်ဖြစ်လဲ အပျော်မောင်ဖြစ်သူ 9က ကမ်းထက်ပင်ပို၍ ကြောက်စရာကောင်းနေသောကြောင့် ကမ်းပင်လက်မြှောက်ထားရကာ ခိုင်မြဲအား
" မြန်မြန်မောင်း ခိုင်မြဲ .... 9 ကို ကြာကြာထိန်းထားလို့ရမှာမဟုတ်ဘူး "
ဟု ပြောလိုက်သည် ။ ထိုစဉ်မှာပင် ကားအနောက်ခန်းမှာ ရုတ်ရုတ်သဲသဲအသံများက ထွက်လာသောကြောင့် ကမ်း အနောက်ခန်းသို့လှည့်ကြည့်လိုက်သည် ။ လက်နှစ်ဖက်စလုံးကို လက်ထိပ်အခတ်ခံရသော 9၏လက်တစ်ဖက်က မည်ကဲ့သို့လွတ်သွားသည်မသိ ။ ဘေးချင်းကပ်၍ထိုင်နေသော လူထံမှသေနတ်ကိုလုကာ ကိုင်ထားသည် ။ ကမ်း အထိတ်တလန့်ဖြင့်
" 9 .... ဘာလုပ်တာလဲ .... လွှတ်လိုက်စမ်း "
ဟု အော်လိုက်သောအခါ 9က လက်ထဲတွင်ကိုင်ထားသောသေနတ်ကို နားထင်တွင်ပြောင်းချိန်ကာ
" အခုချက်ချင်းကားကိုရပ်ပြီး ကျုပ်ကိုလွှတ်ပေး "
ဟူ၍ ခြိမ်းခြောက်စကား ဆိုလာသည် ။ ထို့ကြောင့် ကမ်း သက်ပြင်းရှိုက်လိုက်ပြီး
" ဟုတ်ပြီ .... အိုကေ .... ရပ်ပေးမယ် .... ဒါပေမဲ့ အရင်ဆုံးမင်းလက်ထဲကသေနတ်ကိုချလိုက် "
ဟု ပြောလိုက်သည် ။ ကမ်း၏စကားကို 9က ယုံကြည်ဟန်မပေါ်သော်လည်း နောက်ထပ်စကားမဆိုပဲ သေနတ်ကို ကြမ်းပြင်ပေါ်သို့ပစ်ချသည် ။ 9လက်ထဲမှသေနတ် လွတ်သွားသည်နှင့် 9၏ညာဘက်တွင် ထိုင်နေသောလူက မေ့ဆေးပုဝါဖြင့် 9၏မျက်နှာကို လျင်မြန်စွာအုပ်လိုက်သည် ။ အငိုက်မိသွားသော 9က အလျင်အမြန်ရုန်းသော်လည်း လက်တစ်ဖက်က လက်ထိပ်တန်းလန်းနှင့်ဖြစ်နေသောကြောင့် အပြည့်အဝမရုန်းနိုင်ပဲ နောက်ဆုံးတွင် သတိလစ်သွားသည် ။