He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(421)
ယနေ့ ကမ်းက ကုမ္ပဏီသို့သွားရအုံးမည်ဖြစ်သလို ပိုင်လည်း ဆေးရုံသို့သွားရမည်ဖြစ်သောကြောင့် နှစ်ယောက်စလုံး အိပ်ရာမှ စောစောထဖြစ်ကြသည် ။ ပိုင်က ထုံးစံအတိုင်း ကမ်းအတွက် မနက်စာသွားပြင်နေစဉ် ကမ်းကလည်း ပိုင် ဆေးရုံသို့ဝတ်သွားရန် အဝတ်အစားများကို အဆင်သင့်ထုတ်ထားပေးလိုက်သည် ။ ထိုစဉ်မှာပင် အခန်းတံခါးခေါက်သံနှင့်အတူ ပိုင်က အခန်းထဲဝင်လာသည် ။ ပိုင့်လက်ထဲတွင် မနက်စာပြင်ထားသည့်ဗန်းကို ကိုင်ထားသဖြင့် ပိုင့်ထံသို့ပြေးသွားလိုက်ပြီး လက်ထဲမှဗန်းကို လက်လွှဲယူလိုက်သည် ။ ပိုင်က ဗန်းကိုလှမ်းပေးပြီး
" ပြင်လို့ပြီးပြီလား "
ဟု မေးသည် ။ ထို့ကြောင့်
" အင်း ပြီးပြီ ... မင်းလည်းပြင်တော့ "
ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် ပိုင်က
" ခဏစောင့် ... ရေအမြန်ပြေးချိုးလိုက်အုံးမယ် "
ဟု ပြောပြီး ရေချိုးခန်းထဲသို့ဝင်သွားသဖြင့် ကမ်းလည်း ပိုင်ယူလာသည့်မနက်စာကို ထိုင်စားနေလိုက်သည် ။
(422)
ကမ်း စား၍ပြီးချိန်နှင့် ပိုင်ရေချိုးပြီးချိန်က ကွက်တိပင်ဖြစ်သည် ။ ကမ်း မနက်စာထည့်လာသည့်ဗန်းကို စားပွဲခုံပေါ်တင်ရင်း ပိုင့်ကိုကြည့်လိုက်သည် ။ ပိုင့်ဆံပင်များက ရေစိုနေသဖြင့်
" အလုပ်သွားကာနီးကြီးကိုခေါင်းလျှော်နေတယ် ... အအေးမိတော့မှာပဲ "
ဟု ပြောရင်း
" ဒီကိုလာခဲ့ ... ကိုယ်သုတ်ပေးမယ် "
ဟူ၍ ဆက်ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် ပိုင်က
" ဟုတ် "
ဟု ပြော၍ စာကြည့်စားပွဲအတွက်လုပ်ထားသောခုံတွင်ဝင်ထိုင်သည် ။ ထို့ကြောင့် ကမ်းလည်း တဘက်နှင့် လေမှုတ်စက်ကိုယူ၍ ပိုင့်အနားသို့ လျှောက်သွားလိုက်သည် ။
