He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(351)
ပိုင် မွေးနေ့ပွဲအတွက် ပါဝင်ကူညီသူများကို ကိတ်မုန့်လိုက်ခွံ့ကျွေးနေသော ကမ်းလက်ကိုကြည့်၍ ပြုံးမိသည် ။ တစ်ရက်နောက်ကျသွားသော်လည်း ကမ်းလက်က မွေးနေ့ပွဲကို သဘောကျသောကြောင့် ပင်ပန်းရကျိုးနပ်သည်ဟု ထင်မိသည် ။ ကိုယ့်အတွေးနှင့်ကိုယ်ငြိမ်၍ ကမ်းလက်ကိုငေးနေစဉ်
" အစ်ကိုလေး "
ဟူသော ခေါ်သံနှင့်အတူ ဝဏ္ဏက အနားသို့ရောက်လာသည် ။ ထို့ကြောင့် ချိတ်၍ထိုင်နေသောခြေထောက်ကို ဖြည်လိုက်ပြီး
" ကိုဝဏ္ဏ ... ထိုင် "
ဟု ပြောလိုက်သည် ။ ဝဏ္ဏက ပိုင့်စကားအတိုင်း ခုံတွင်ဝင်ထိုင်သည် ။ ပြီးမှ
" ဘော့စ်ကို အခုလိုချစ်ပေးလို့ ဘော့စ်ကိုယ်စား ကျေးဇူးတင်ပါတယ် "
ဟု ပြောသည် ။ ဝဏ္ဏ၏စကားကြောင့် ပိုင် ရှက်ရယ်,ရယ်လိုက်ကာ
" မဟုတ်တာ ... ကျွန်တော်တကယ်စိတ်ရင်းနဲ့ ကမ်းလက်ကိုသဘောကျတာပါ "
ဟု ပြောလိုက်သည် ။ ပိုင့်စကားကို ဝဏ္ဏက ခေါင်းညိတ်တုံ့ပြန်ပြီး
" ကျွန်တော်သိပါတယ် ... အဲ့ဒါကြောင့် ဘော့စ်မွေးနေ့မှာ အစ်ကိုလေးနဲ့ဘော့စ်အတွက် လက်ဆောင်လာပေးတာပါ ... အစက အစ်ကိုလေးနဲ့ဘော့စ်တွေ့တာတစ်နှစ်ပြည့်တဲ့နေ့မှပေးမလို့လုပ်ထားပေမဲ့ အစ်ကိုလေးက အခုလိုဘော့စ်ကိုချစ်ပေးတာတွေ့တော့ မြန်မြန်ပေးချင်လာတယ် "
ဟု ဆိုကာ လက်ဆောင်ဘူးတစ်ဘူးကို ကမ်းပေးသည် ။ ပိုင့်လက်ထဲ ထိုလက်ဆောင်ဘူးရောက်သောအခါမှ
" ကျွန်တော်ကိုယ်တိုင်ဘော့စ်ကိုပေးရင် ဘော့စ်ကျွန်တော့်ကိုသတ်မလားမသိဘူး ... အဲ့ဒါကြောင့် အစ်ကိုလေးကပဲ ကျွန်တော့်ကိုယ်စား ပေး,ပေးပါ "
ဟု ဆိုသည် ။
(352)
ဝဏ္ဏထွက်သွားသောအခါမှ ပိုင် လက်ဆောင်ဘူးကို ဖွင့်ကြည့်လိုက်သည် ။ ကတ္တီပါအိတ်လေးတစ်လုံးနှင့် လက်စွပ်ထည့်သည့်ဘူးဖြစ်ဟန်တူသော ဘူးနှစ်ဘူးကို အလှစက္ကူများအကြားတွင် တွေ့လိုက်ရသောကြောင့် အံ့သြသွားပြီး လက်စွပ်ထည့်သည့်ဘူးကို ဖွင့်ကြည့်လိုက်သည် ။ ထင်ထားသည့်အတိုင်း ရေလှိုင်းပုံ ပလက်တီနမ်လက်စွပ်လေးဖြစ်သည် ။ ထို့ကြောင့် အဖုံးကိုပြန်ပိတ်ကာ ကတ္တီပါအိတ်ကို ဖွင့်ကြည့်လိုက်သည် ။ ခြူလေးနှင့် လခြမ်းပုံပါသော ပလက်တီနမ်ဟမ်းချိန်းနှစ်ခုကို တွေ့လိုက်ရသောကြောင့် ပြုံးလိုက်ပြီး