He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(111)
ပိုင် အခန်းထဲတွင်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ မိမိအား ဤအိမ်သို့ခေါ်လာသည့် အမည်မသိလူအား စောင့်နေမိသည် ။ ထိုလူနှင့်ပိုင် ဘားတွင် နှစ်ခါခန့်သာတွေ့ဖူးသော်လည်း အကြောင်းအရင်းမရှိ ထိုလူ့အား ယုံကြည်နေမိသည် ။ ပျောက်နေသောဆဲဗင်း(7)ကို ထိုလူပြန်ရှာပေးမည်ဟု ယုံကြည်ထားသည် ။ ပိုင် တစ်ယောက်ထဲ ထိုင်မရထမရနှင့် ယောက်ယက်ခတ်နေစဉ်မှာပင် အခန်းတံခါးပွင့်လာပြီး ထိုလူက အခန်းထဲဝင်လာသည် ။ ပိုင့်ကိုတွေ့သောအခါ
" မင်းသူငယ်ချင်းကို ရဲစခန်းကခေါ်လာပြီမို့လို့ စိတ်မပူနဲ့တော့ "
ဟု တန်းပြောသည် ။ ထိုလူ၏စကားကိုကြားသောအခါမှ ပိုင် စိတ်အေးသွားပြီး
" ကျေးဇူးတင်ပါတယ် "
ဟု ပြောလိုက်သည် ။ ပိုင့်စကားအဆုံးတွင် ထိုလူက ပိုင်ရှိရာဆီသို့လျှောက်လာပြီး
" မလိုပါဘူး ... မင်းကိစ္စက ငါ့ကိစ္စပဲ "
ဟု ပြောသည် ။ ထို့နောက် ပိုင့်ပုခုံးကိုဖက်ကာ ကုတင်ပေါ်တွင်ထိုင်ခိုင်းသည် ။ ထို့ကြောင့် ပိုင် လိမ်လိမ်မာမာပင် ကုတင်ပေါ်တွင် ထိုလူနှင့်ယှဉ်ထိုင်လိုက်သည် ။ ပြီးမှ ထိုလူက
" စတွေ့တဲ့နေ့ကတည်းက ဒီနေ့အထိ မင်းနဲ့စကားကောင်းကောင်းပြောပြီး မိတ်မဆက်ရသေးဘူး ... ငါ့နာမည် ကမ်းလက် "
ဟု နာမည်ကိုပြောလာသဖြင့် ပိုင်
" မင်းမူပိုင် "
ဟူ၍ မိမိနာမည်ကို ပြန်ပြောပြလိုက်သည် ။ ကမ်းလက်က
" မင်းမူပိုင် "
ဟူ၍ ပိုင့်နာမည်ကိုရွတ်နေပြီး
" လှသားပဲ "
ဟု ပြောသည် ။ ထိုစကားကို ပိုင် ကြားသော်လည်း မကြားဟန်ဆောင်ကာ ငြိမ်နေလိုက်သည် ။