He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(441)
တစ်ကိုယ်လုံးကိုက်ခဲကာ လည်ပင်းများခြောက်နေသည့်အပြင် မျက်လုံးတို့ကပါ ပူနေသဖြင့် ဖျားနေပြီဖြစ်ကြောင်း ပိုင် သိလိုက်ရသည် ။ အားကိုးတကြီးနှင့် ကမ်းလက်ရှိနေမည့် နံဘေးသို့ စမ်းကြည့်လိုက်သောအခါ နေရာလွတ်ဖြစ်နေသဖြင့် အားပြတ်ချင်သွားသည် ။
သို့သော် ...
သည်အတိုင်း ပေတေကာ ဆက်အိပ်နေ၍မရ ။ သန်ဘက်ခါတွင် ဝဏ္ဏတို့ မင်္ဂလာပွဲ ကျင်းပတော့မည်ဖြစ်သည့်အပြင် ကမ်းလက်ကို ထိုနေ့တွင် လက်ထပ်ခွင့်တောင်းမည်ဖြစ်သည် ။ ထိုနေ့အတွက် အကုန်စီစဉ်ထားပြီးပြီဖြစ်သောကြောင့် နေမကောင်းရုံလောက်နှင့် အစီအစဉ်များနှင့် ဝဏ္ဏတို့၏ အပျော်များကို မဖျက်ဆီးပစ်ချင် ။ ထို့ကြောင့် ဆေးထသောက်ရန် စိတ်ကူးပြီး လှဲနေရာမှ ထထိုင်လိုက်သည် ။ဆေးထသောက်ရန် စိတ်ကူးရှိသော်လည်း ခန္ဓာကိုယ်က မလိုက်နိုင် ။ စောင်လွတ်သွားသည်နှင့် အရိုးထဲအထိစိမ့်အောင်အေးသည်ဟု ခံစားရသဖြင့် ကုတင်ပေါ်မှမဆင်းရဲ ။ ထို့အပြင် ခေါင်းကလည်း တရိပ်ရိပ်မူးနေသေးသည် ။ ကမ်းလက်အား ဖုန်းဆက်ခေါ်ရန် စိတ်ကူးမိသော်လည်း ညနေစောင်းကတည်းက အိပ်ပျော်သွားခြင်းဖြစ်သောကြောင့် ကမ်းလက် အိမ်တွင် ရှိ,မရှိ မသေချာ ။ နောက်ဆုံးတွင် မည်သူ့ကိုမှ အကူအညီမတောင်းပဲ ကိုယ့်အားကိုယ်ကိုးမည်ဟုဆုံးဖြတ်ကာ ကုတင်ပေါ်မှ အရဲစွန့်ကာ ဆင်းလိုက်သည် ။
(442)
ညဆယ်နာရီထိုးနေပြီဖြစ်သော်လည်း ကမ်း မအိပ်ချင်သေး ။ ထို့အပြင် ပိုင်ကလည်း ဆေးရုံမှ ပြန်လာကတည်းက တန်းအိပ်သွားသဖြင့် တစ်ယောက်ထဲ ငေါင်စင်းစင်းဖြစ်နေကာ စာဖတ်ခန်းထဲသို့ ရောက်လာရသည် ။ လုပ်စရာအလုပ်ဟူ၍ မယ်မယ်ရရမရှိသော်လည်း မအိပ်ချင်သေးသောကြောင့် ဟိုလုပ်သည်လုပ်ဖြင့် အချိန်ဖြုန်းနေမိသည် ။ ထိုသို့အချိန်ဖြုန်းနေစဉ်မှာပင် အပေါ်ထပ်မှ တစ်စုံတစ်ခုပြုတ်ကျသည့်အသံကဲ့သို့ ဝုန်းဟူသောအသံ ခပ်သဲ့သဲ့ကို ကြားလိုက်ရသည် ။ လမ်းမနှင့်အိမ်က ဝေးသောကြောင့် ထိုအသံသည် အပြင်ဘက်မှလာသောအသံမဖြစ်နိုင်ဟု ယူဆမိသည် ။ ထို့ကြောင့် ဘာရယ်မဟုတ်ပဲ စာကြည့်ခန်းထဲမှ အပြင်သို့ ထွက်ကြည့်လိုက်သည် ။ အပြင်သို့ထွက်ထွက်ချင်း မီးအလင်းရောင်ဖြင့် လှေကားအရင်းတွင် ပုံရက်သားလဲနေသော ပိုင့်ကို မမျှော်လင့်စွာ တွေ့လိုက်ရသည် ။ ပိုင့်ကို ဤကဲ့သို့သောပုံစံနှင့် တစ်ခါမှ မမြင်ဖူးသဖြင့် လန့်သွားကာ