He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(171)
" ဘော့စ် .... 9နဲ့ဆက်ဆံရေးက အဆင်ပြေရဲ့လား "
ဟု မေးလာသော ဝဏ္ဏကို ကမ်း ပြုံးပြလိုက်ပြီး
" မပြေစရာဘာရှိလို့လဲ "
ဟူ၍ ပြန်မေးလိုက်သည် ။ ဝဏ္ဏက
" မရှိပါဘူး ဘော့စ် "
ဟု ပြောကာ ကမ်းလက်မှတ်ထိုးပေးရန်လိုသည့် ဖိုင်တွဲများကို အစဉ်လိုက် စီပေးနေသည် ။ ကမ်း ဝဏ္ဏစီပေးသောဖိုင်တွဲများကို လက်မှတ်ထိုးပေးရင်း
" ကုမ္ပဏီက ဟိုအိုကြီးအိုမတွေဘာထပ်ပြောသေးလဲ "
ဟု မေးလိုက်သည် ။ ဝဏ္ဏက
" ဘာမှတော့ထပ်မပြောတော့ပေမဲ့ ဘာတွေကြံစည်နေကြသလဲမသိဘူး ... အဲ့ဒါကြောင့် ကျွန်တော် သေချာစောင့်ကြည့်ခိုင်းထားတယ် .... သတင်းထူးရင်သိရမှာပါ "
ဟု ပြန်ဖြေသဖြင့် ကမ်း ခေါင်းညိတ်လိုက်ပြီး
" ဒါနဲ့ .... 9ရော ... တစ်နေကုန်ငြိမ်ချက်သားကောင်းနေပါလား "
ဟူ၍ မေးလိုက်သည် ။ ဝဏ္ဏက ကမ်း၏စကားကိုနားထောင်ပြီး
" ဘော့စ်ကလည်း 9အကြောင်းသိသားနဲ့ကို ... တစ်အိမ်လုံး စိတ်ကြိုက်လျှောက်သွားခွင့်ပေးထားတာတောင် ဘယ်တုန်းကသူ့အခန်းထဲကထွက်လာလို့လဲ "
ဟု ပြောသည် ။ ဝဏ္ဏပြောမှ ကမ်း 9ကို စိတ်ပြေလက်ပျောက် အပြင်ခေါ်သွားရန် သတိရသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
" သူလည်းပျင်းနေမှာပဲ ... အပြင်လေးဘာလေးခေါ်သွားအုံးမှပါ "
ဟု ပြောလိုက်သည် ။
(172)
ကမ်း ယခုတလော ဆေးရုံအသစ်ကိစ္စနှင့် အလုပ်ရှုပ်နေသောကြောင့် 9ဆီမရောက်ဖြစ် ။ ယနေ့မှ အလုပ်ပါးသောကြောင့် 9ထံ ထွက်လာခဲ့လိုက်သည် ။ တံခါးခေါက်သော်လည်း ပြန်ဖြေသံမကြားရသဖြင့် အခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။ ထိုအခါ ကွန်ပြူတာနှင့် ဂိမ်းတစ်ခုကို အသည်းအသန်ဆော့နေသော 9ကို တွေ့ရသည် ။