၃၂

7.3K 399 50
                                    

တစ်ညနေလုံး ကိုယ့်ကြောင့် စိတ်ပင်ပန်းခဲ့ရတဲ့ ကောင်လေးကို ဘာမှမလုပ်ခိုင်းတော့ပဲ စောစောသာ နားခိုင်းလိုက်သည်။
ဒါကို ကောင်လေးက အခွင့်ကောင်းယူကာ လွှမ်း ချော့သိပ်ပေးပါဆိုပြီး ဂျီကျလေရဲ့။

တကယ့် ချစ်စရာလေးပင်။
ကလေးငယ် အလိုကျ သူ့ဘေးမှာ ဝင်လှဲရင်း ကိုယ့်လက်မောင်းပေါ် ခေါင်းပေးအုံး၍ ကျောပြင်ကို ပုတ်ပေးတော့ ခဏလေးနဲ့ အိပ်မောကျသွားလေတယ်။

ကလေးအခန်းထဲကထွက်လာတော့ စိုးရိမ်နေကြတဲ့ ရှိန်းနဲ့ထည်ဝါက အခန်းရှေ့မှာတင်စောင့်နေကြသည်။
ဘာမှပြောမနေတော့ဘဲ ဧည့်ခန်းထဲသာ လျှောက်လာပြီး တီဗွီဖွင့်ကာ ထိုင်လိုက်သည်။
ဟို နှစ်ကောင်ကတော့ နောက်ကနေ နားမလည်သည့် ပုံစံဖြင့်သာလိုက်လာကြသည်။

"ကလေး အိပ်သွားပြီလား"

ဘာမှပြန်မဖြေဘဲ လွှမ်းက ခေါင်းသာ အသာငြိမ့်ပြလိုက်သည်။
မျက်လုံးတွေကတော့ သူကြည့်နေကျမဟုတ်သည့် တီဗွီပေါ်က ကိုရီးယားကားပေါ်တွင်သာ ကျောက်ချလို့နေသည်။
အမှန်ကတော့ ရှိန်းနှင့်ထည်ဝါကို မျက်နှာချင်းမဆိုင်ရဲလို့ပေ။
ကိုယ့်အမှားကိုယ်သိတာကြောင့် ငြိမ်နေခြင်းသာဖြစ်သည်။

"မင်းအလုပ်ရော အဆင်ပြေရဲ့လား"

"မင်းတို့ ငါ့ကို စိုးရိမ်နေတယ်ဆိုတာ ငါ သိတယ်
ဒါပေမယ့် ငါအခု အဆင်ပြေသွားပြီ
ပြီးတော့ အမှားမရှိတဲ့ ကလေးအပေါ် ဒေါသပုံချခဲ့မိလို့ ကလေးကိုလဲ ချော့ပြီးသွားပြီ
မင်းတို့ကို စိတ်ပူစေခဲ့လို့ ငါတောင်းပန်ပါတယ်
မျက်နှာလေးတွေ နည်းနည်းပြင်ကြပါဦးဟ
မင်းတို့က အရမ်းတည်နေတော့ ငါတောင်ကြောက်လာပြီ"

မေးစရာရှိတာ တည့်မမေးဘဲ ဝေ့ဝိုက်နေကြသောကြောင့် လွှမ်းကပဲ အလိုက်တသိ သူတို့သိလိုနေသော ကိစ္စကိုပြောပြလိုက်သည်။
ငြိမ်သက်နေတဲ့ အခြေအနေကို ဟာသအနည်းငယ်ပြော၍ အသက်ဝင်အောင်ကြိုးစားနေသည်။

သို့သော်လည်း ရှိန်းရဲ့အမူအရာက ပြောင်းလဲလာခြင်းမရှိပဲ

"အိုကေလေ မင်းအဆင်ပြေတယ်ဆို ငါတခြားကိစ္စပြောချင်တယ်
ညနေကလို ကလေးကို အတွေးတွေနဲ့ မထားခဲ့နဲ့
မင်းကအဲ့လိုလုပ်လိုက်တော့ သူ့ခမျာ ဘယ်သူ့အဖေခေါ်ရမှန်း မသိဖြစ်သွားတယ်လေ
နောက်တစ်ခါ မင်းစိတ်ထဲဘဝင်မကျဘူးဆိုရင် တစ်ခါထဲရှင်း
ကလေးက အမှားလုပ်ထားတယ်ဆိုရင်လဲ တစ်ခါထဲအပြစ်ပေး
ပြီးရင် ကလေးကို ခွင့်လွှတ်ပေးလိုက်
ဒါပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ
နောက်တစ်ခါ ထပ်မတွေ့ချင်ဘူး
ခန့်ထည်ဝါ မင်းရောပဲ ကြားလား"

BelongingWhere stories live. Discover now