၃၅

6.5K 362 75
                                    

မျက်စိရှေ့က ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကိုကြည့်ပြီး ထည်ဝါ သက်ပြင်းသာချလိုက်မိသည်။
ကလေးငယ်ကို ကြိုရမှာမို့သာ ကျောင်းရှေ့မှာစောင့်နေခြင်းဖြစ်သော်လည်း စိတ်ကတော့သိပ်မကြည်။

၁၀ တန်းရဲ့ နောက်ဆုံးစာမေးပွဲဖြေရတဲ့နေ့ဖြစ်တာကြောင့် ကျောင်းပတ်ဝန်းကျင်မှာ မိဘတွေက အများအပြား။
အိမ်ကနေအေးဆေးစောင့်လဲရတဲ့ဟာကို စာမေးပွဲဖြေတဲ့ ၃ နာရီလုံးလုံး နေပူကျဲတဲထဲမှာ ဘာလို့စောင့်နေကြမှန်း နားမလည်နိုင်။
ပြီးခါနီးမှ လာကြိုလဲရတဲ့ဟာကို။
အခုတော့ မိဘတွေက အချင်းချင်း တွတ်ထိုးကာ ကောင်းကြောင်းတွေရော မကောင်းကြောင်းတွေ စုံစိနေအောင်ပြောလို့နေကြသည်။
ထည်ဝါ့ဘေးက အန်တီကြီးတွေက အဆိုးဆုံးပဲ။
သူ့သားရဲ့ Chemistry ဆရာ မကောင်းကြောင်းကိုပြောနေတာ နာရီဝက်နီးပါးလောက်ပင်ရှိပြီ။
ကားထဲမှာ စောင့်ရတာမွန်းကြပ်လွန်းလို့ အပြင်ထွက်လာကာမှ နားမုဒိန်းကျင့်ခံနေရတဲ့ အဖြစ်။

ပြည့်စုံကလဲ ပြည့်စုံပဲ။
ပြီးခါနီးမှ လာကြိုပါ့မယ်ဆိုတာကို ကျောင်းရှေ့မှာ တစ်ချိန်လုံးစောင့်ပေးပါဆိုပြီး ဂျီကျပြန်တယ်။
မျက်နှာငယ်လေးနဲ့  'စာမေးပွဲဖြေတိုင်း မိဘတွေက အဲ့လိုလာစောင့်ပေးရင် သားအရမ်းအားကျခဲ့တာ
ဒီစာမေးပွဲ ၆ ရက်လေးပဲ သားကို အလိုလိုက်ပေးလို့မရဘူးလားဟင်
ဒါပြီးရင် နောက်ထပ် ဂျီမကျတော့ပါဘူး
လုပ်ပါနော်' ဟုတောင်းဆိုလာတော့လဲ နှလုံးသားနုတဲ့ ဒီကအကိုကြီးတွေက ဘယ်ခံနိုင်ပါ့မလဲ။

ရှိန်းရယ်လွှမ်းရယ်နဲ့ တိုင်ပင်ပြီး ကိုယ်အားတဲ့ရက်တွေခွဲတမ်းချပြီး ပြည့်စုံရဲ့ ကျောင်းရှေ့မှာ လိုက်စောင့်ပေးဖို့စီစဥ်ရပြန်သည်။
နာမည်ကြီးလူကြိုက်များလှတဲ့ ရှိန်းအတွက်ကတော့ ဒီလိုလူများတဲ့နေရာကိုလာဖို့ အဆင်မပြေ။
Mask တပ်ထားရင်ရတယ်ဆိုပေမယ့် လူငယ်တွေသာအများအပြားရှိမယ့် ကျောင်းလိုနေရာမျိုးမှာ Mask တပ်ထားတဲ့ ရှိန်းကို မမှတ်မိမယ့်သူ ရှားပေလိမ့်မည်။
အခုခေတ်ကလေးမလေးတွေက တကယ်မလွယ်ဘူး။
ဆံပင်လေးတွေ့တာနဲ့ ရှိန်းသခင်မှန်းတန်းသိကြတယ်။

BelongingWhere stories live. Discover now