၁၂

7.1K 393 10
                                    

လွှမ်းနဲ့ထည်ဝါ နေမင်းသစ် မိဘမဲ့ဂေဟာတွင် သောင်တင်နေသည်မှာ ယနေ့ကား ငါးရက်ပြည့်လေပြီ။
၁၀ တန်းကို အပြင်ဖြေ ဖြေမှာဖြစ်သည့်အတွက်ကြောင့် ပြည့်စုံက ကျောင်းသွားစရာမလိုပေ။
ပြည့်စုံ၏ ဆရာဝန်ဖြစ်ချင်သော ရည်မှန်းချက်ကို သိကထဲက လွှမ်းက ပြည့်စုံ၏ကျောင်းစာများတွင် အားတက်သရောပင် ဝင်ရောက်ကူညီပေးလေသည်။
သူ့ရဲ့ အတွေ့အကြုံတွေကိုပြောပြကာ စာလုပ်ပုံစာလုပ်နည်းတွေကို သင်ပေးနေ၏။
စာလုပ်နေသော ထိုနှစ်ယောက်ကြောင့် စားဖို့သောက်ဖို့တာဝန်သည် ထည်ဝါ့ တာဝန်ဖြစ်သွားလေသည်။

ဂေဟာမှ ကျွေးသော်လည်း သူတို့ရှိတုန်းလေး ကလေးကို ကောင်းကောင်းမွန်မွန် စားစေချင်၍ ထည်ဝါကလက်စွမ်းပြနေရခြင်းဖြစ်သည်။
ကျန်တဲ့အချိန်များတွင်တော့ ဂေဟာတွင် လုပ်အားပေးကူညီပေးလေသည်။

ထည်ဝါက သူ၏လက်ထောက်ဖြစ်သူ စံပယ်ဖြူအား ဆေးရုံကိစ္စများကို လွဲပြောင်းပေးအပ်ထားကာ ကိစ္စအထွေအထူးမဟုတ်လျှင် ကိုယ့်ဘာသာဖြေရှင်းရန် ညွှန်ကြားထားလေသည်။

ထိုနည်းတူစွာပင် လွှမ်းကလဲ junior ညီလေးနှင့် duty ချိန်လဲကာ ဆေးရုံကိစ္စများကိုမေ့ပျောက်ထားလေသည်။
သူ့ကိုယ်သူ ကျူရှင်ဆရာဟုပင် တွေးထင်နေလေသည်။

ရှိန်းနဲ့ အဆက်အသွယ်ရှိကြပေမယ့်လဲ အပြင်မှာနေတာရက်ကြာသည်နှင့်အမျှ ရှိန်းက အငယ်နှစ်ကောင်ကို အမြင်မကြည်တော့ပေ။
ရှေ့ရက်များတွင်တော့ အငယ်နှစ်ကောင်နှင့်ပြည့်စုံလေး အကြောင်းကို စိတ်ဝင်တစားနားထောင်ပေးပေမယ့် နောက်ပိုင်းရက်တွေတွင် အိမ်ပြန်လာဖို့စတင်နှိူးဆော်တော့သည်။
ထိုကဲ့သို့ စကားစလျှင် အငယ်နှစ်ကောင်က မသိချင်ယောင်ဆောင်ကာ အလုပ်ကိုဆင်ခြင်ပေး၍ဖုန်းချသွားတတ်ကြသည်။
အငယ်နှစ်ကောင်ကြောင့် ရှိန်းသည်ပင်လျှင် ပြည့်စုံလေးအကြောင်းကို စေ့စေ့ပေါက်ပေါက်သိနေလေပြီ။

ဂေဟာရှိ ကလေးများထဲတွင် ပြည့်စုံက အကြီးဆုံးဖြစ်၍ ပြည့်စုံကသာလျှင် ကလေးများကို ဂရုစိုက်ပြုစုစောင့်ရှောက်ခဲ့ရခြင်းဖြစ်သည်။
ယခုတော့ ပြည့်စုံကို ဂရုစိုက်ကာ ကာကွယ်စောင့်ရှောက်ပေးမယ့် အကိုကြီးနှစ်ယောက်တောင်ရှိတော့ သူ့ဘဝလေးဟာ သာယာလို့နေသည်။
အချိန်တွေကို ဒီတိုင်းလေးသာ ရပ်ထားလိုက်ချင်သည်။
သူ့အတွက်သာတည်ရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ဂရုစိုက် အလိုလိုက်မှူတွေ ထိုအရာများကိုပေးစွမ်းနိုင်သည့် အကိုတွေရှိနေခြင်းဟာ သူ့ကိုပျော်ရွှင်စေသည်။
ဒါပေမယ့်လဲ ဒီအခိုက်အတန့်တွေက မတည်မြဲဘူးဆိုတာ သူနားလည်သည်။
အချိန်တန်ရင် အကိုတို့ဟာ အိမ်ပြန်မှာဖြစ်ပြီး သူဟာလဲဂေဟာမှာကျန်ခဲ့ရမှာဖြစ်လေသည်။
အချိန်တန်ရင် ကိုယ့်လမ်းကိုယ်လျှောက်ကြရမှာသာဖြစ်သည်။
သို့သော်လဲ ယခုလက်ရှိကိုတော့ သူပျော်ရွှင်ချင်သည်။
အချိန်တန်လို့ လမ်းခွဲကြရရင်လဲ ယခုအချိန်လေးတွေဟာ သူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးတွေအဖြစ်ကျန်နေခဲ့လိမ့်မည်။
စိတ်ပင်ပန်းဆင်းရဲတိုင်း ဒီအခိုက်အတန့်လေးက သူ့ကိုခွန်အားတွေပေးမှာပါလေ။

BelongingWhere stories live. Discover now