401ー402

6.8K 731 58
                                    

(Unicode)

《၄၀၁》ဇနီးသည်နှင့် ခင်ပွန်းသည်အကြား နားလည်မှုလွဲခြင်းတချို့ရှိလေသလား


ကျိနွမ်ကို ကြီးမားကျယ်ဝန်းသည့် တန်ဖိုးကြီးစံအိမ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

စံအိမ်သည် ဟိုင်မြို့မြောက်ဘက်တွင်ရှိသော တောင်တစ်ခု၏ အပေါ်ခြမ်းတွင်တည်ရှိပြီး ပတ်လည်ကို တောင်တန်းရှုခင်းများဖြင့် ဝန်းရံထားသောကြောင့် လေ နှင့် သဘာဝပတ်ဝန်းကျင်မှာ ရင်သပ်ရှုမောဖွယ်ကောင်း၏။ စံအိမ်အတွင်း၌ သူမကို မချုပ်ချယ်ထားသော်လည်း ဖုန်း နှင့် အင်တာနက်လိုင်းကိုတော့ တားမြစ်ပိတ်ပင်ထားသည်။ ထို့ပြင် ကားမရှိလျှင် ဤနေရာမှ မထွက်နိုင်ပေ။

သူတို့ဆောက်လုပ်ထားသော တောင်ပေါ်ကလမ်းသည် ကြမ်းတမ်းပြီး အကွေ့အကောက်များ၏။ တောင်ပေါ်သို့ လွယ်ကူစွာဖြင့် ခြေကျင်တက်ရန် မဖြစ်နိုင်ပေ။ လမ်းတစ်လျှောက်တွင် ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါများနှင့် ကြုံတွေ့နိုင်သော အန္တရာယ်လည်းရှိပေ၏။

ကျိနွမ် စံအိမ်တွင် ဆက်နေခဲ့သည်။

အိမ်ထဲ၌ လူမရှိသလောက်ဖြစ်ပြီး လေးဆယ်ဝန်းကျင် အိမ်အကူတစ်ယောက်သာ မီးဖိုချောင်ထဲတွင် ရှိသည်။

အိမ်အကူက စကားမပြောနိုင်ပေ။ ဤအိမ်အကူ စကားမပြောနိုင်သည်မှာ သဘာဝအလျောက် မဟုတ်ကြောင်း ကျိနွမ် ညနေရောက်မှ သိရှိလိုက်၏။ အိမ်အကူသည် လျှာဖြတ်ခံထားရ၏။ ပါးစပ်ဟလိုက်ချိန်တွင် မြင်လိုက်ရသည့် လျှာမှာ ကြောက်စရာကောင်းလှပေသည်။ ထို့ကြောင့် ကျိနွမ် စကားပြောသည့်အချိန်တွင် မွေးကတည်းကဆွံ့အနားမကြား မဟုတ်သော အိမ်အကူက အားလုံးကို နားလည်နိုင်သည်။ အားလုံးကို ကြားနိုင်သည်။

ဤနေရာတွင် သူမကို အစားကောင်းကောင်းကျွေးသည်။ သူမအား ဤနေရာသို့ ကိုယ်တိုင်ပို့ဆောင်ပြီးသည့်နောက်တွင် နာခံမှုရှိစွာ နေရန် မှာကြားပြီး ရှောင်းလုယယ်က ထွက်သွားခဲ့၏။

ထိုသို့ သုံးရက်ကြာပြီးနောက်တွင် ကျိနွမ်၏ တည်ငြိမ်မှုတို့စတင်ပျက်ယွင်းလာခဲ့သည်။ လွတ်လပ်ခြင်း မရှိ၊ အဆက်အသွယ်မရှိသည့် ဤနေရာတွင် အိပ်ခြင်း စားခြင်း မှလွဲ၍ သူမလုပ်နိုင်သည်က အမှောင်နှင့်အလင်း တစ်လှည့်စီ ဖြစ်ပေါ်နေသော ကောင်းကင်ကို ကြည့်ရန်ပင်။ အခြားတစ်ဦးသာဆိုလျှင် စိတ်ပိုင်းဆိုင်ရာတွင် ယိုယွင်းသွားနိုင်၏။ အနားမှာလည်း လျှာပြတ်နေသည့် အိမ်အကူတစ်ယောက် ရှိနေသည်ကိုး။

② Young Master Mo, Are You Done Kissing?Where stories live. Discover now