Part-4

3K 265 37
                                    

Unicode Version

ရဲရင့်သည် ဤတစ်ပတ်အဖို့ အပန်းဖြေစခန်းသို့ သွားရောက်စစ်ဆေးခြင်းလုပ်ငန်းစဥ်ကို အပြီးသတ်ပြီးချိန်မှာ နေ့လယ်စာစားချိန်ကိုပင် ကျော်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ဤနေရာကို ကိုယ်စားစီမံခန့်ခွဲမှုပေးထားသူမှာ အလွန်စိတ်ချရသည့်အပြင် ရည်ရွယ်ချက်လည်း မြင့်မြင့်မားမားရှိသောကြောင့် သူ့အနေနှင့် စိတ်ချယုံကြည်ထား၍ရသည်။

အလုပ်ကိစ္စပြီးစီးပြီဖြစ်၍ အိမ်ပြန်လာသည့်လမ်းမှာပင် ရုတ်တရက်ဆာလောင်လာသော ဗိုက်ကိုဖြည့်ရန် အနီးအနားရှိစားသောက်ဆိုင်ကောင်းတစ်ခုကို ရှာဖွေနေခိုက် Dashboardပေါ်၌တင်ထားသော ဖုန်းကထမြည်သည်။

ခေါ်ဆိုသူနေရာရှိ သူ့အဖေကို ညွှန်းဆိုနေသောစာလုံးလေးကို မြင်လိုက်ရချိန်တွင် ရဲရင့်သည် ပျင်းရိစွာကားမောင်းနေရာမှ မျက်လုံးအကြည့်တို့က လှောင်ရိပ်သမ်းလာပြီး နှုတ်ခမ်းစွန်းကလည်း မထီမဲ့မြင်ဟန်နှင့် ကော့တက်သွားလေသည်။

စိတ်ရှိတိုင်းသာဆိုလျှင် ထိုဖုန်းကိုမကိုင်လိုသော်လည်း ဟာသဆန်ဆန်စကားများကိုကြားချင်သောစိတ်ကြောင့် ဖုန်းမြည်ပြီးခဏအကြာတွင် ကိုင်ဖြစ်လိုက်သည်။ သူ့ဘက်က ဘာမှမပြောနိုင်သေးခင်မှာပင်  တစ်ဖက်မှသူ့အဖေ၏အသံက ဦးစွာထွက်လာသည်။ ဤသည်မှာလည်း သူ့အဖေ၏ဖျောက်မရတော့သောအကျင့်တစ်ခုဖြစ်သည်။

"မင်း ဘာလုပ်နေတာလဲ။ နေ့လယ်စာစားပြီးပြီလား"

သူ့အဖေသည် သူ နေ့လယ်စာကို စားရခြင်း၊မစားရသေးခြင်းအပေါ် အလေးထားတတ်သူမဟုတ်သည့်အတွက် လိုရင်းကိစ္စကိုသာ တည့်ပြောရန် တိုက်တွန်းလိုက်လေရာ တစ်ဖက်လူမှာ အနည်းငယ်ဒေါပွသွားဟန်တူသည်။ သို့သော်လည်း အမှန်တရားကအမှန်တရားပေမို့ ပြန်လည်ချေပနိုင်ခြင်းလည်းမရှိ။

"ငါမင်းနဲ့တွေ့ပြီး ဆွေးနွေးစရာရှိလို့။ ဆိုင်တစ်ဆိုင်ဆိုင်မှာ တွေ့ကြရအောင်"

ရဲရင့်လည်း ထိုလေသံနှင့်အပြောများကြောင့် ရည်ရွယ်ချက်ကို ကောင်းစွာထိုးဖောက်မြင်နိုင်သည်။ သူ့ကြောင့်ဟု​သတ်မှတ်၍မရသော်လည်း အကျဥ်းချုပ်အရ သူ၏ပယောဂကြောင့် ပျက်စီးလုမတတ်ဖြစ်သွားရသော အလုပ်ကိစ္စသည် သူဝင်ပါမှသာ ပြေလည်နိုင်တော့မည့်အရိပ်အယောင်ရှိနေ၍သာ သူ့အဖေက သူတို့ကြားရှိ စစ်အေးတိုက်ပွဲကို ယခုလိုစောစီးစွာလက်နက်ချလာခြင်းဖြစ်ပေလိမ့်မည်။

I Found My Prince Charming (Season-3) [Completed]Where stories live. Discover now