Unicode Version
သဘောတူညီချက်အရ လင်းရိပ်မာန်သည် သံစဥ်လှိုင်းကိုလက်လွှတ်ပေးလိုက်ပြီးကတည်းက ရဲရင့်အနားမှာသာ တောက်တဲ့လိုကပ်တွယ်နေတော့သည်။
မနက်မိုးလင်းသည်နှင့် ရဲရင့်ပင်မနိုးသေးချိန်မှာ လင်းရိပ်မာန်ကတော့ တိုက်ခန်းရှေ့ကိုရောက်နေပြီးသား..။ ရဲရင့်က အပန်းဖြေစခန်းကိုသွားရောက်စစ်ဆေးရသည့်ရက်မျိုးဆိုလျှင်လည်း အနောက်ကတကောက်ကောက်လိုက်လွန်း၍ တစ်ပတ်ဆိုသည့်အချိန်လေးအတွင်းမှာပင် ဝန်ထမ်းများက သူ့ကိုရင်းနှီးနေလေပြီ။
ဘားမှာလည်း ရဲရင့်အလုပ်လုပ်နေသည့်တစ်လျှောက်လုံး မျက်လုံးကျွတ်ကျမတတ်လိုက်ကြည့်နေသည်မှာ ကြောက်ဖို့ပင်ကောင်းသေးသည်။
ရဲရင့်က သူ့အနောက်ကို တစ်နေကုန် အားအားယားယားလျှောက်လိုက်နေသော လင်းရိပ်မာန်ကို "အလုပ်မရှိဘူးလား"ဟု အထွန့်တက်တိုင်း "ကျွန်တော့်အလုပ်က ဘေဘေးကိုစောင့်ရှောက်ဖို့လေ"ဟုသာ ပြောင်ချော်ချော်လုပ်နေသဖြင့် ထိုမေးခွန်းကိုထပ်မမေးမိဖို့ မှတ်ထားလိုက်သည်။
"သန့်စင်ခန်းဘက်မှာ ရန်ဖြစ်နေတယ်"
ဘားကောင်တာမှာ အလုပ်ရှုပ်နေတုန်း ကောင်လေးတစ်ယောက်လာပြောသောစကားကြောင့် ရဲရင့်မှာ လုပ်လက်စများကိုပစ်ချထားခဲ့ပြီး သန့်စင်ခန်းဘက်ကို ထွက်လာခဲ့ရသည်။
ရန်ပွဲသည် ကြီးကြီးမားမားမဟုတ်သဖြင့် ခဏအတွင်းမှာပင် ဖြေရှင်းလိုက်နိုင်သည်။ သို့သော် ရုတ်ရင်းဆန်ခတ်ဖြစ်နေစဥ် အင်္ကျီဇစ်၏ချွန်မြသောအပိုင်းနှင့် သူ၏လက်ဖျံကအကြမ်းပတမ်းပွတ်ဆွဲသလိုဖြစ်သွား၍ ခြစ်ရာအရှည်ကြီးဖြစ်သွားသည်။ သာမန်ခြစ်ရာဟု သူထင်ထားသော်ငြား ယခုပြန်ကြည့်မိမှ ထိုခြစ်ရာတစ်လျှောက်သွေးစို့နေသည်ကို တွေ့လိုက်ရသည်။
သွေးစများက တလိပ်လိပ်တက်လာပြီး လက်ဖျံတစ်လျှောက်သွေးများယိုစီးလာချိန်မှာတော့ သူလျစ်လျူရှုထား၍မရတော့ချေ။ ကောင်တာကိုမပြန်နိုင်သေးဘဲ သန့်စင်ခန်းထဲကိုဝင်ကာ ပေကျံနေသောသွေးများနှင့် ဒဏ်ရာကိုဆေးကြောရသည်။
YOU ARE READING
I Found My Prince Charming (Season-3) [Completed]
Romanceသားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှစ်ယောက်ဖူးစာဆုံကြတဲ့အခါမှာတော့ အချစ်ကြမ်းကြမ်း၊ အနမ်းရိုင်းရိုင်းတွေသာ ဖြစ်တည်ပါသတဲ့။